တန်းဆင်းဖို့ အာဆင်နယ်တို့ ကြိုတင်ပြင်ဆင်ပြီးသားလို့ သတင်းတွေထွက်ပေါ်နေ

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့အတွက် ကြိုတင်ပြီး လိုအပ်တာတွေ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့ရင် ကြီးမားတဲ့လစာပမာဏဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး တန်းဆင်းဇုန် အဆင့် ၁၈ နေရာက ဖူလ်ဟမ်နဲ့ ၄ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ နည်းပြအာတီတာလက်အောက် ယခုရာသီမှာ ၁၄ ပွဲကစားပြီးနောက် နိုင်ပွဲ ၄ ပွဲ၊ သရေ ၂ ပွဲနဲ့ ရှုံးပွဲ ၈ ပွဲရရှိထားပြီး စုစုပေါင်းရမှတ် ၁၄ မှတ်သာ ရရှိသေးတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၇ ပွဲဆက် နိုင်ပွဲမရှိခဲ့တဲ့နောက်ပိုင်း တန်းဆင်းဇုန်ထဲကို ဆင်းရမယ့် အန္တရာယ်ကို လက်တကမ်းမှာ မြင်နေရတဲ့အချိန်မှာ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရင် ၎င်းတို့ရဲ့ လူစာရင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ စီစဉ်ထားပြီးဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

The Telegraph ရဲ့သတင်းအရ အာဆင်နယ်ကစားသမားတွေဟာ ကြီးမားတဲ့လစာငွေဖြတ်တောက်မှုနဲ့ ရင်ဆိုင်ရနိုင်ပြီး ၁၉၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တန်းဆင်းရမယ်ဆိုရင် ၂၅ ရာခိုင်နှုန်းအထိ လစာဖြတ်ခံရမယ်လို့ သိရပါတယ်။

အာဆင်နယ်က လက်ရှိထက်ပိုမိုဆိုးရွားလာနိုင်တဲ့ဘဏ္ဍာရေးအခြေအနေအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး ချယ်ဆီးအသင်းကတော့ ၂၀၁၅-၂၀၁၆ ရာသီမှာ အဆင့် ၁၆ အထိ ရောက်ရှိခဲ့ချိန်မှာ ဘဏ္ဍာရေးပိုင်းဆိုင်ရာကြိုတင်ကာကွယ်မှုတွေ မပြုလုပ်ခဲ့ဘဲ ယင်းနှစ် ဒီဇင်ဘာလမှာ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လစာလျှော့ချခြင်းက အဆင့်အတန်းနိမ့်ပါးတဲ့ပြိုင်ပွဲမှာ ကစားရမယ့်အသင်းတွေအတွက် ဖြစ်သင့်တယ်လို့ ဆိုရမှာဖြစ်ပြီး အာဆင်နယ်အသင်းက အဆိုးဆုံးအတွက် ကြိုတွေးထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ လစာပေးချေနေရတဲ့ပမာဏဟာ တစ်နှစ်ကို ပေါင်သန်း ၁၅၀ ကျော်ရှိပြီး အသင်းခေါင်းဆောင် အူဘာမီယန်းနဲ့ လူစာရင်းကနေ ထုတ်ပယ်ခံထားရတဲ့ အိုဇေးလ်တို့က လစာအများဆုံး ရရှိနေကြတာစြဖ်ပါတယ်။