မာနေးနဲ့ဆာလာမှာ ဆာလာက သွေးအေးလို့ ပိုကြိုက်တာလို့ ရှင်းပြခဲ့တဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားဟောင်း ဂယ်ရီနဗီးက လီဗာပူးကြယ်ပွင့်တိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့ ၂ ဦးထဲက အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးကို ဘာကြောင့် ပိုနှစ်သက်ရသလဲဆိုတာကို ပြောပြခဲ့ပါတယ်။

မိုဟာမက်ဆာလာဟာ ၂၀၁၇ ခုနှစ်နွေရာသီမှာ ရိုးမားအသင်းကနေ ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ယင်းအချိန်ကလည်း အားလုံးမျှော်မှန်းထားတာထက်ကို ကျော်လွန်ပြီး လုပ်ဆောင်ပြခဲ့သူဖြစ်ပါတယ်။

မိုဟာမက်ဆာလာဟာ အရင်တုန်းက ချယ်ဆီးအသင်းနဲ့ အင်္ဂလိဂ်ဘောလုံးလောမှာ ရုန်းကန်ခဲ့ရပေမယ့် အီတလီကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ယုံကြည်မှုရရှိခဲ့ပြီး လီဗာပူးအသင်းကို ပြောင်းရွှေ့လာချိန်မှာတော့ လုံးဝကို ကွဲပြားခြားနားတဲ့အဆင့်ကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးအတွက် ၁၇၃ ပွဲမှာ သွင်းဂိုး ၁၁ဝနဲ့ ဂိုးဖန်တီးမှု ၄၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်တို့အပါအဝင် ဆုဖလားများစွာ ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ယခုအပတ်အစောပိုင်းမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ ဆာလာဟာ ၎င်းရဲ့သူငယ်ချင်းဖြစ်သူကို လီဗာပူးမှာ မပျော်ရွှင်တော့ဘူးလို့ ပြောကြားခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေအတွက် စိတ်ပူစရာ သတင်းဆိုးဖြစ်ခဲ့တာဖြစ်ပါတယ်။

Sky Sports ရဲ့ ဘောလုံးဝေဖန်သူဖြစ်တဲ့ ဂယ်ရီနဗီးက မိုဟာမက်ဆာလာ အန်းဖီးကို စွန့်ခွာကောင်း စွန့်ခွာချင်နေတယ်ဆိုတဲ့သတင်းကို ကြားရတာ ၎င်းအတွက်တော့ အံ့အားသင့်စရာမဟုတ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် တွေးနေခဲ့တာက ဆာလာက အမြဲတမ်း လီဗာပူးကို စွန့်ခွာချင်ခဲ့တယ်လို့ပါ။ ကျွန်တော် အဲဒါကို လွန်ခဲ့တဲ့နှစ်တော်တော်ကြာကြာကတည်းက ပြောနေခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ နောက်လာမယ့် ၁၈ လမှာ အသင်းကိုစွန့်ခွာမယ်လို့ ပြောခဲ့တာက နည်းနည်းလေးစောလွန်းသေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”

“သူ တခြားမတူညီတဲ့နိုင်ငံကို သွားကစားချင်နေတယ်ဆိုတဲ့ခံစားချက်မျိုး ကျွန်တော် အမြဲတမ်းရခဲ့ပြီး သူကလည်း အဲဒီလိုမျိုး လုပ်ချင်တဲ့ မျှော်လင့်ချက်ရှိပါလိမ့်မယ်”

“ကျွန်တော် မာနေးထက် ဆာလာကို အမြဲတမ်းရွေးချယ်ရတဲ့အကြောင်းအရင်းက ဆာလာက သွေးအေးတယ်။ မာနေးကတော့ အသင်းကစားသမားပါ။ သူက အသင်းကို ပထမနေရာမှာထားတယ်ဆိုတာ ခင်ဗျား သိပါတယ်။ ဆာလာကတော့ သွေးအေးတဲ့သူဖြစ်ပြီး အဲဒါက မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး”

“အဲဒါက လီဗာပူးကို အသင်းအဖွဲ့အနေနဲ့ အောင်မြင်မှုရစေတယ်။ ဘာလို့လဲဆိုတော့ သူက ထပ်ထပ်ပြီး ဂိုးသွင်းရင်း၊ သွင်းရင်းနဲ့ ရပ်တန့်မှာမဟုတ်တဲ့ ပုံစံမျိုး ဖြစ်နေလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။