ချယ်ဆီးနဲ့ပွဲမှာ အနိုင်ကစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ အာတီတာ

အာဆင်နယ်ဟာ အင်္ဂါနေ့ညက ကရာဘောင်ဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ မန်စီးတီးကို ထပ်မံရှုံးနိမ့်ခဲ့ပြီး နည်းပြအာတီတာက ၎င်းတို့ရဲ့ ကံကြမ္မာကို အမြန်ဆုံး မပြောင်းလဲနိုင်ဘူးဆိုရင် ပြဿနာအကြီးကြီတက်သွားနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက် လိဂ်ဖလားရှုံးပွဲက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး ၁၉၇၄-၇၅ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီအစကို ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံရာမှာ နည်းပြအာတီတာက အာဆင်နယ်အနေနဲ့ အခြေအနေဆိုးတွေထဲက ရုန်းမထွက်နိုင်ရင် ပိုပြီးကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီပွဲက ဘယ်လိုဖြစ်သွားလဲဆိုတာ စဉ်းစားဖို့ခက်တဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ မန်စီးတီးလို ပြိုင်ဘက်မျိုးကို ဂိုးတွေပေးထားရတာက ပြန်လာနိုင်ဖို့ မဖြစ်နိုင်တော့တဲ့ပွဲစဉ် ဖြစ်စေခဲ့ပါတယ်။ ပွဲတိုင်းမှာ ထူးဆန်းတဲ့ အရာတွေအများကြီးဖြစ်နေပြီး အဲဒီအရာတွေက တကယ်ကို ခက်ခဲစေပါတယ်”

“ဒါတွေကို နောက်လာမယ့်ပွဲတွေမှာ ကျွန်တော်တို့ ပြောင်းလဲရမယ်။ ဘာမှ မေးခွန်းထုတ်နေစရာမရှိပါဘူး။ မလုပ်နိုင်ရင် ဒုက္ခအကြီးကြီး ရောက်သွားမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ ရာသီကို အဆုံးအဖြတ်ပေးမယ့် အချိန်ပါပဲ။ ခက်ခဲတဲ့ပြိုင်ဘက်ကို ရင်ဆိုင်ပြီး ဒီညမှာ ကျွန်တော်တို့ ပြသခဲ့တဲ့ပုံစံကို ကြည့်ရသလောက် အသင်းမှာ ဖိုက်တာတွေ ရှိနေပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော့်မှာ ဖိုက်တာတွေရှိတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။