ပီလီရဲ့စံချိန်ကို ချိုးနိုင်ခဲ့ပေမယ့် မထောင်လွှားဘဲ နှိမ့်ချပြောဆိုခဲ့တဲ့ မက်ဆီ

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီအတွက် ဘောလုံးလောကမှာ ရိုက်ချိုးစရာ စံချိန်များများစားစားမရှိတော့ပေမယ့် အင်္ဂါနေ့ညမှာတော့ အလွန်အထင်ကြီးဖွယ်ကောင်းတဲ့ စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ရီးရဲဗယ်လာဒိုးလစ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လီယွန်နယ်မက်ဆီက ၎င်းရဲ့ ကလပ်အသင်းသွင်းဂိုး ၆၄၄ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားတိုက်စစ်မှူးဟာ ပီလီရဲ့ ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပြီး ကစားသမားဘဝမှာ နောက်ထပ်မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

ပီလီဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ကြားမှာ ဘရာဇီးလ်ကလပ်ဆန်းတို့စ်အသင်းအတွက် ၁၉ ရာသီကစားပေးခဲ့ရာမှာ သွင်းဂိုး ၆၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မက်ဆီဟာ ပီလီရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပေမယ့်လည်း အလွန်အကျွံအောင်ပွဲမခံခဲ့ဘဲ စိတ်ထိခိုက်ဖွယ်စာကိုသာ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဘောလုံး စကစားတုန်းက ဘာစံချိန်ကိုမှ ချိုးဖျက်မယ်ဆိုပြီး ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ အဲဒါတောင်မှ ဒီနေ့မှာ ကျွန်တော် ရရှိခဲ့တဲ့တစ်ခုက ပီလီရဲ့စံချိန်ပါ။ ကျွန်တော့်ကို နှစ်ပေါင်းများစွာ ကူညီပေးခဲ့တဲ့ ကျွန်တော့်အသင်းဖော်တွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ နေ့တိုင်းအားပေးနေကြတဲ့ အားလုံးကိုပဲ ကျေးဇူးတင်ချင်ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။