ပရိသတ်တွေ ဝိုင်းသမတဲ့ဒဏ်မခံနိုင်လို့ တွစ်တာအကောင့်ပါ ဖျက်ခဲ့ရတဲ့ ရန်းနားဆင်

အာဆင်နယ်အသင်းဂိုးသမား အဲလက်စ်ရန်းနားဆင်ဟာ မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ အမှားပြုလုပ်ခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက်မှာ တိုက်ခိုက်မှုတွေ ခံခဲ့ရပြီးနောက် ၎င်းရဲ့တွစ်တာအကောင့်ကို ဖျက်သွားခဲ့တယ်လို့ သိရပါတယ်။

ရန်းနားဆင်ဟာ အင်္ဂါနေ့ညက အာဆင်နယ်အသင်း ကရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးရဲ့ ဒုတိယသွင်းဂိုးကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၄ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ရန်းနားဆင်ဟာ ဆိုးရွားတဲ့အမှားကို ကျူးလွန်ခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေဆီကနေ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

အိုက်စ်လန်လက်ရွေးစင်ဂိုးသမား ဂန်းနားဆင်ဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲထွက်ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပေမယ့် နည်းပြအာတီတာက မန်ချက်စတာစီးတီးအသင်းနဲ့ကစားခဲ့တဲ့ ကရာဘောင်ဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အိုက်စ်လန်လက်ရွေးစင်ဂိုးသမားဟာ အာဆင်နယ်အသင်းအတွက် ပထမဦးဆုံး ပါဝင်ကစားခွင့်ရတဲ့ပွဲစဉ်မှာ မာရက်ဇ်ရဲ့ အလွတ်တည်ကန်ဘောကို နေရာယူမှန်မှန်နဲ့ ကာကွယ်နိုင်မယ့်ပုံပေါ်ခဲ့ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင်ပဲ လွဲချော်ပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပါတယ်။