ကာဗာနီနဲ့ မီနာတို့ ဘာကြောင့်ပြဿနာတက်လဲ ပြောပြခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက အဲဗာတန်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ကရာဘောင်ဖလားပွဲစဉ်မှာ အဲဗာတန်နောက်ခံကစားသမား ယယ်ရီမီနာနဲ့ အချင်းများခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကာဗာနီကို အနီကတ်ပြ ထုတ်ပယ်ခံရသင့်တယ်လို့ ပြောဆိုမှုတွေရှိနေချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဘက်ကနေ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ကာဗာနီဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပွဲကစားချိန် ၈၈ မိနစ်ကျမှ လှပတဲ့ ဧရိယာပြင်ပကန်ချက်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးကြီးတဲ့အဖွင့်ဂိုးကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် ၂ မိနစ်အကြာမှာ မာရှယ်က မန်စီးတီးအသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံခွင့်သေချာစေမယ့် ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပွဲစဉ်ရဲ့ဒုတိယပိုင်းအစမှာ ကာဗာနီနဲ့ အဲဗာတန် နောက်ခံလူ ယယ်ရီမီနာတို့ အချင်းပွားမှုဖြစ်ပွားခဲ့ပြီး ကာဗာနီက မီနာရဲ့ လည်မျိုကို ညှစ်ခဲ့ပြီးနောက် မီနာက ချက်ချင်းဆိုသလို မြက်ခင်းပြင်ပေါ် လဲကျသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ယင်းဖြစ်ရပ်ကို မြင်လည်းမမြင်လိုက်သလို VAR နဲ့ ပြန်လည်ကြည့်ရှုစစ်ဆေးခြင်းလည်းမရှိခဲဲ့တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာ ကာဗာနီအနေနဲ့ အနီကတ်ပြသ ခံရသင့်တယ်လို့ ပြောကြားမှုတွေ ရှိနေပေမယ့် နည်းပြဆိုးလ်ရှားကတော့ တောင်အမေရိသား ၂ ဦးကြားက ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းသာဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့တာဖြစ်ပါတယ်။

“တောင်အမေရိက ကစားသမား ၂ ဦးက အရင်တုုန်းက ပြဿနာအနည်းငယ်ရှိခဲ့ဖူးးပါတယ်။ သူတို့တွေ ကိုပါအမေရိကခြေစစ်ပွဲမှာ တွေ့ဆုံခဲဲ့ကြတဲ့အတွက် ၂ ဖက်စလုံးမှာ ပရိသတ်တွေ၊ ဖျက်ထုတ်မှုတွေ၊ အဝါကတ်တွေနဲ့ အခွင့်အရေးရှိနေတဲ့ ဘောလုံးကစားပွဲရဲ့နဲ့ သက်ဆိုင်တဲ့ကိစ္စတစ်ခုပါ။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ပျော်ရွှင်မိပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ လာမယ့် ၂ ပတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။