ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့တော့မယ့် အာဆင်နယ်ကြယ်ပွင့်

ဘာစီလိုနာအသင်းဟာ အံ့အားသင့်ဖွယ်ကစားသမားခေါ်ယူမှုကို ပြုလုပ်နိုင်တော့မှာဖြစ်ပြီး မူစတာဖီရဲ့အေးဂျင့်ဖြစ်သူက လာလီဂါထိပ်သီးအသင်းကြီးက အာဆင်နယ်ဗဟိုခံစစ်ကစားသမားကို ခေါ်ယူမယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ယခုအပတ်မှာ အမ်မရီအော့ဇ်တက်က နူးကမ့်ကွင်းအပြင်ဘက်မှာ ‘အစည်းအဝေးအတွက် အဆင်သင့်ပဲ’ဆိုတဲ့စာသားနဲ့အတူ အင်စတာဂရမ်မှာ ဗီဒီယိုတင်ခဲ့ပြီး လူအများက ယူဆွတ်ဒီမီရာနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့လို့ ထင်မြင်ခဲ့ကြပါတယ်။ အော့ဇ်တက် အေးဂျင့်အဖြစ် ဆောင်ရွက်ပေးနေတဲ့ အသက် ၁၇ နှစ်အရွယ် ရက်ပစ်ဝင်းတိုက်စစ်မှူးဟာ အလားအလာများစွာရှိသူဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့လူစာရင်းထဲကို လူငယ်ပါရမီရှင်တွေ ပိုမိုခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အော့ဇ်တက်ဟာ ဘယ်သူမှ မမျှော်မှန်းထားတဲ့ မူစတာဖီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာဖြစ်ပြီး Fox Sports နဲ့ တွေ့ဆုံရာမှာ အမ်မရီအော့ဇ်တက်က ဂျာမန်နောက်ခံကစားသမားအတွက် ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဘာစီလိုနာမှာ ယူဆွတ်ဒီမီရာအတွက် ရှိနေခဲ့တာမဟုတ်ပါဘူး။ ကျွန်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေတဲ့ အာဆင်နယ်က မူစတာဖီကြောင့်ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဝါရင့်နောက်ခံကစားသမား ဂျရတ်ပီကေး ဒဏ်ရာကြောင့် ကာလရှည်အနားယူရမှာဖြစ်တာကြောင့် အတွေ့အကြုံရှိတဲ့ဗဟိုခံစစ်ကစားသမား လိုအပ်နေတာဖြစ်ပြီး ဇန်နဝါရီလမှာ အရခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။