ခရစ်စမတ်စ်နေ့ အိမ်မှာ တီဗွီအေးဆေးထိုင်ကြည့်ခွင့်ရခဲ့ပြီဖြစ်တဲ့ တူချယ်

ပီအက်စ်ဂျီအသင်းဟာ စထရက်ဘော့ဂျ်အသင်းကို ၄-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ၂၄ နာရီမပြည့်ခင်မှာပဲ နည်းပြသောမတ်စ်တူချယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။

ဒေါ့မွန်နည်းပြဟောင်းဟာ ပီအက်စ်ဂျီအသင်းမှာ အချိန်အတော်ကြာ ဖိအားတွေအောက်မှာ ရှိနေခဲ့တာဖြစ်ပေမယ့် သြဂုတ်လမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးနောက် နွေရာသီမှာ ရာထူးဆက်လက်တည်မြဲနေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့စွမ်းဆောင်ရည်ဟာ ယခုရာသီမှာ သိပ်မကောင်းခဲ့ဘဲ ဥရောပပြိုင်ပွဲမှာ အုပ်စုတွင်း ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းပြိုင်ပွဲမှာလည်း ၄ ပွဲအထိ ရှုံးပွဲ ကြုံတွေ့ထားပြီးဖြစ်ပြီး လက်ရှိမှာတော့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ Bild ရဲ့ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ညက စထရက်ဘော့အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ခရစ်စမတ်စ်အကြိုနေ့မှာပဲ တူချယ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သောမတ်စ်တူချယ်ဟာ ၂၀၁၈ ခုနှစ်မှာ နည်းပြအူနိုင်းအမ်မရီရဲ့နေရာမှာ နည်းပြသစ်အဖြစ်နဲ့ ပီအက်စ်ဂျီအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂ နှစ်တာကာလအတွင်း လီဂူးဝမ်းဖလား ၂ ကြိမ်၊ ပြင်သစ်ရှုံးထွက်ဖလား၊ ပြင်သစ်လိဂ်ဖလား၊ ပြင်သစ်စူပါဖလား ၂ ကြိမ် ရယူပေးခဲ့တဲ့နည်းပြဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ သောမတ်စ်တူချယ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး သိပ်မကြာမီအချိန်အတွင်းမှာ နည်းပြသစ်ကို ကြေညာသွားဖွယ်ရှိပါတယ်။