ခေါ်ယူချင်တဲ့ ကစားသမား ၃ ဦးစာရင်းကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ဘာကာဥက္ကဌလောင်း

ဘာစီလိုနာဥက္ကဌသစ်ဖြစ်လာနိုင်ဖို့ ရေပန်းစားနေသူတွေထဲကတစ်ဦးဖြစ်တဲ့ ဂျော်ဒီဖားက လာမယ့်လမှာ ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် ခေါ်ယူသွားမယ့်ကစားသမား ၃ ဦးစာရင်းကို ပြောပြခဲ့ပါတယ်။

ဂျော်ဒီဖားဟာ လာမယ့်ဇန်နဝါရီ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ဥက္ကဌသစ်ရွေးကောက်တင်မြှောက်ပွဲမှာ ရွေးချယ်ခံရဖို့ ရေပန်းအစားဆုံးဥက္ကဌလောင်းတွေထဲကတစ်ဦးဖြစ်ပြီး ဥက္ကဌသစ်ဖြစ်လာရင် ခေါ်ယူမယ့် တိုက်စစ်မှူး ၃ ဦးစာရင်းကိုတောင် စီစဉ်ထားပြီးဖြစ်ပါတယ်။

ဂျော်ဒီဖားက အက်စ်ပန်ညိုအသင်းက ရာအူးလ်ဒီတောမက်စ်၊ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ကို ဥက္ကဌသစ်ဖြစ်လာရင် ခေါ်ယူဖို့ ပစ်မှတ်ထားလိမ့်မယ်လို့ အများစုက ယုံကြည်နေပါတယ်။

“ဒီမှာ ကျွန်တော် ဟိုးအရင်ကတည်းက နှစ်သက်ခဲ့တဲ့ ကစားသမားတစ်ယောက်ရှိပြီး မနေ့က သူ အရမ်းကောင်းတဲ့သွင်းဂိုးကို သွင်းယူခဲ့တယ်”

“ကျွန်တော် အဲဒီဂိုးကို မမြင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့က အဲဒီဂိုးက အရမ်းကောင်းတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ အဲဒါက ရာအူးလ်ဒီတောမက်စ်ရဲ့ ဂိုးပါ”

“သူက အောင်မြင်ဖို့ အများကြီးရှိတဲ့ ကစားသမားလို့ ထင်ပါတယ်။ သူ့မှာ ဒဏ်ရာပြဿနာအချို့ရှိနေပြီး ကျွန်တော် ဟာလန်းကိုလည်း နှစ်သက်ပါတယ်။ ရာအူးလ်ဒီတောမက်စ်အပြင် ရက်ရှ်ဖို့ဒ်လည်း နှစ်သက်ပါတယ်။ သူတို့တွေက အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ကစားသမားတွေလို့ ထင်ပါတယ်”

“ရက်ရှ်ဖို့ဒ်က ကမ္ဘာပေါ်မှာ ကျွန်တော် အနှစ်သက်ဆုံးဘောလုံးသမားတွေထဲက တစ်ဦးပါ”လို့ ပြောကြားခဲ့ပါတယ်။ ဂျော်ဒီဖားဟာ ဘာစီလိုနာအသင်းပရိသတ်တွေ သည်းခြေကြိုက်ဖြစ်တဲ့ နေမာကို ပြန်လည်ခေါ်ယူနိုင်တာကို မြင်တွေ့ချင်တဲ့အကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။