လက်စတာအိမ်ကွင်းမှာ ယူနိုက်တက်တို့ အနိုင်မရနိုင်ဘူးလို့ အိုဝင် ခန့်မှန်း

မိုက်ကယ်အိုဝင်က ဘောက်ဆင်ဒေးမှာ လက်စတာစီးတီးအသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်း အနိုင်မရနိုင်ဘူးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

အိုလေဂန်နာဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က အိုးထရက်ဖို့ဒ်မှာ ခြေစွာတဲ့လိဒ်စ်ယူနိုက်တက်ကို ၆-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆုဖလားစိန်ခေါ်ဖို့ အခွင့်အရေးနဲ့ပတ်သက်ပြီး ပြောကြားမှုတွေရှိနေတဲ့အသင်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးထက် ၁ ပွဲလျော့နေတာဖြစ်ပြီး အမှတ်ပေးဖလားအကြိမ် ၂၀ ချန်ပီယံအနေနဲ့ လက်စတာနဲ့ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဒုတိယနေရာမှာ အခိုင်အမာရပ်တည်သွားနိုင်မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီရဲ့ ရမှတ်တွေ အရေးတကြီး ရရှိဖို့ လိုအပ်နေတဲ့အချိန်မှာ နိုင်ပွဲတွေ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တစ်ဖက်က လက်စတာစီးတီးအသင်းကလည်း ပြီးခဲ့တဲ့အပတ်က တော့တင်ဟမ်ဟော့စပါးအသင်းကို ဂျေမီဗာဒီ၊ အယ်ဒါဝီရယ်(ကိုယ့်ဂိုးကိုယ်သွင်း)တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အထင်ကြီးဖွယ် အနိုင်ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပိုင်းတည်ငြိမ်ဖို့အတွက် ရုန်းကန်နေရပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးထက် ၄ မှတ်လျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းက ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲမှာ ၅ ပွဲ ရှုံးနိမ့်ထားရာမှာ အိမ်ကွင်းမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အိုဝင်က လက်စတာစီးတီးဟာ ဘောက်ဆင်ဒေးမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၁-၁ နဲ့ သရေရလဒ်ရရှိအောင် ကစားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်ရဲ့ရာသီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ အသက်ဝင်လာပြီလို့ ပြောလို့ရပါတယ်။ ဆိုးလ်ရှားရဲ့ယူနိုက်တက်အတွက် တော်တော်လေး အလှည့်အပြောင်းဖြစ်ခဲ့တာဖြစ်ပြီး သူတို့တွေ ပရီးမီးယားလိဂ်ပွဲစဉ်ကို ၁၁ ပွဲဆက်တိုက်နိုင်ပွဲရဖို့အတွက် ယုံကြည်မှုအပြည့်နဲ့ လာကြပါလိမ့်မယ်”

“လက်စတာက တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ထူးခြားတဲ့အဝေးကွင်းရလဒ်ရရှိခဲ့ပြီး အိမ်ကွင်းမှာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တယ်။ ဒီရာသီမှာ သူတို့ နည်းနည်း ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်နေခဲ့တာဖြစ်ပြီး သူတို့တွေ အခုအချိန်မှာ အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေနိုင်တာကို ဝမ်းမြောက်ပျော်ရွှင်နေပါလိမ့်မယ်”

“ဒီပွဲကတော့ တော်တော်ပြောရကြပ်တယ်။ ၂ သင်းကြားမှာ ဘာမှ များများစားစားကွာဟနေတာမရှိဘူးလို့ ထင်ပြီး ၂ သင်းစလုံးက ဂိုးသွင်းယူပြီးတော့ သရေကျလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။