ဗန်ဒိုက်က အားနည်းချက်မရှိတဲ့ကစားသမားလို့ ချီးကျူးခဲ့တဲ့ ဘက်ကင်ဘောင်ဝါ

အနောက်ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်ဂန္တဝင်နောက်ခံကစားသမား ဖရန့်ဇ်ဘက်ကင်ဘောင်ဝါက ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ လီဗာပူးကြယ်ပွင့်ကစားသမားကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ဗန်ဒိုက်ဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒူးအရွတ်စုတ်ပြဲသွားခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရသူဖြစ်ပါတယ်။ ၁၉၆၀ ကျော်ကနေ ၁၉၈၀ ကျော်အထိ ဗဟိုခံစစ်အဖျက် ကစားသမားအဖြစ် ကစားခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား ၅ ကြိမ်၊ ဥရောပဖလား ၃ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်၊ ဘလွန်းဒီအော်ဆု ၂ ကြိမ်ရရှိခဲ့တဲ့ ဘက်ကင်ဘောင်ဝါက လီဗာပူးရဲ့ ကျောနံပါတ်လေးရဲ့ ကစားပုံကို အထင်ကြီးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရင်တုန်းက ကစားခဲ့တဲ့ ဗဟိုခံစစ်အဖျက်အခန်းကဏ္ဍက ဒီကနေ့ခေတ်မှာ မရှိတော့ပါဘူး”

“ဒါပေမယ့် သူ့ရဲ့ပုံစံ၊ သူ့ရဲ့ ဘောလုံးကစားဟန်နဲ့ ဗန်ဒိုက်က ကျွန်တော့်ကို တကယ် အထင်ကြီးအောင် လုပ်နိုင်ခဲ့တယ်”

“ကျွန်တော် သူ့ကို လီဗာပူးနဲ့ ဒတ်ချ်လက်ရွေးစင်အသင်းမှာ စတင်သတိထားမိခဲ့တာပါ။ သူ့မှာ တော်တော်အထင်ကြီးစရာကောင်းတဲ့ စွမ်းအားနဲ့ အရည်အသွေးရှိနေပါတယ်”

“သူ အဲဒါကို အချိန်တိုင်း ပြသနေခဲ့တာပါ။ ကျွန်တော်တော့ သူ့ဆီမှာ ဘာအားနည်းချက်မှ မတွေ့မိပါဘူး။ ရုတ်တရက်ကြည့်လိုက်ရင် သူ့အရပ်အမောင်းကြောင့် ခင်ဗျား သူ့ကို ပြေးအားနဲ့ မြန်နှုန်းမရှိဘူးလို့ တွေးမိမှာပါ။ ဒါပေမယ့် အဲဒါက လုံးဝမဟုတ်ပါဘူး”

“သူက သူ့အရွယ်အစားနဲ့မလိုက်အောင် အံ့အားသင့်ဖွယ် လျင်မြန်ပြီး အခြေအနေတွေကို အရမ်းကောင်းမွန်စွာနဲ့ ကြိုတင်သိမြင်နိုင်ပါတယ်။ ဒီကစားသမားကို ကျွန်တော် နှစ်သက်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။