လေဆိပ်မှာ အိပ်ခဲ့ရပြီးနောက် အိမ်ရှင်ဂမ်ဘီယာကို ရှုံးနိမ့်ခဲ့တဲ့ ဂါဘွန်

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂမ်ဘီယာနဲ့ ဂါဘွန်တို့ရဲ့ အာဖရိကဖလားခြေစစ်ပွဲမှာ အိမ်ရှင်ဂမ်ဘီယာအသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ဂါဘွန်ကို ဂိုးကွာခြားချက်နဲ့ အုပ်စုကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂါဘွန်လက်ရွေးစင်အသင်းဟာ ယမန်နေ့ည ၁၀ နာရီခွဲမှာ ဂမ်ဘီယာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် အသင်းဟိုတယ်ကို မထွက်ခွာမီ နံနက်အစောပိုင်းအထိ ဘန်ဂျူနိုင်ငံတကာလေဆိပ်မှာ ပြည်ဝင်ခွင့်ရဖို့အတွက် တရေးအိပ်ပြီး စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဂမ်ဘီယာအသင်းဟာ ဒုတိယပိုင်း ၄၉ မိနစ်မှာ ဂါဘွန်ဂိုးသမားရဲ့ ဆိုးရွားတဲ့အမှားကနေတဆင့် မိုဒူဘာရိုးသွင်းယူခဲ့တဲ့ဂိုးကြောင့် အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

၇၉ မိနစ်မှာ မူဆာဘားရိုးက အပိုင်ဂိုးကန်သွင်းခွင့်ကို အမှားအယွင်းမရှိကန်သွင်းယူပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂါဘွန်အသင်းက ၈၉ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ဘရူနိုအီကွဲမန်ဂါရဲ့ ခေါင်းတိုက်ဂိုးကြောင့် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ဂမ်ဘီယာအသင်းနဲ့ပွဲစဉ်မှာ ဂါဘွန်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းဟာ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အိမ်ရှင်ဂမ်ဘီယာက လွှမ်းမိုးကစားနိုင်ခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းဟာ လေဆိပ်မှာ စောင့်ဆိုင်းခဲ့ရတဲ့အတွက် အာဖရိကဘောလုံးအဖွဲ့ချုပ်ကို ပြစ်တင်ဝေဖန်ခဲ့သူဖြစ်ပြီး ယင်းအဖြစ်အပျက်က ဂါဘွန်အသင်းအတွက် နောက်ထပ်စိတ်အားတက်ကြွစရာဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ ဂမ်ဘီယာနဲ့ပွဲမတိုင်မီ လူမှုကွန်ရက်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။