ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်သဘောကို သင်ယူဖို့ ကစားသမားတွေကို ဆိုးလ်ရှား တိုက်တွန်း

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ကစားသမားတွေအနေနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကလည်း နောက်ထပ်သင်ယူစရာကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီအစမှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့် လက်ရှိမှာတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲအထိ အနိုင်ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၃ နေရာမှာရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အဆင့် ၁ နေရာက လီဗာပူးအသင်းထက် တစ်ပွဲလျော့ကစားထားပြီး ရမှတ် ၅ မှတ်သာ ကွာဟနေတာဖြစ်ပြီး အဆင့် ၂ နေရာက လက်စတာအသင်းထက်လည်း တစ်ပွဲလျော့ အနေအထားနဲ့ ရမှတ် ၁ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းတွေအတွက် ယူနိုက်တက်ကစားသမားတွေဟာ ပရိသတ်တွေနဲ့ ဂန္တဝင်ကစားသမားကြီးတွေရဲ့ ချီးကျူးမှုတွေကို ခံနေရပြီး ဆိုးလ်ရှားက ချီးကျူးခံနေရတာကလည်း ကစားသမားတွေ ရင်ဆိုင်ဖြေရှင်းရမယ့် နောက်ထပ်အခြေအနေတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ တစ်စထက်တစ်စပိုကောင်းလာပြီး ပွဲစဉ်တစ်ပွဲချင်းစီတိုင်းကို အနိုင်ရနိုင်တယ်လို့ ကျွန်တော်တွေးထားပါတယ်။ ကစားသမားတွေအနေနဲ့လည်း ကျွန်တော် ဘာလိုအပ်လဲဆိုတာ သိပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ပတ်ဝန်းကျင်မှာ အမြဲဆူညံတဲ့ အသံတွေထွက်ပေါ်နေတတ်တာ သဘာဝလိုပါပဲ။ ဒါပေမယ့် အခု ကျွန်တော်တို့ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတဲ့ အတွက် ချီးကျူးသံတွေ ပြန်ကြားလာနေရပါတယ်။ ကျွန်တော်တို့ ဒါကို ဆက်ထိန်းနိုင်ဖို့အတွက် တစ်ပွဲချင်းစီမှာ ကြိုးစားသွားရမှာဖြစ်ပြီး ပွဲတိုင်းလိုလို ဗိုလ်လုပွဲတစ်ပွဲလို ကစားသွားရမှာပါ။ ကျွန်တော်တို့ အာရုံစိုက်တဲ့တစ်ခုတည်းသောအရာက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာအောင်လုပ်ဖို့ဖြစ်ပြီး မတူညီတဲ့အခြေအနေတွေကို ဘယ်လိုလေ့လာသင်ယူကြမလဲဆိုတာကိုပါ”လို့ ပြောကြားခဲ့ပါတယ်။