၄၈ နာရီအတွင်း ၂ ပွဲကစားရမယ့် အချိန်စာရင်းကို ဝေဖန်လိုက်တဲ့ လမ်းပတ်

ဖရန့်လမ်းပတ်ဟာ ၄၈ နာရီအတွင်း အာဆင်နယ်၊ အက်စ်တွန်ဗီလာတို့နဲ့ ဆက်တိုက်ကစားရမယ့် ပွဲချိန်ဇယားအပေါ် ဝေဖန်မှုလုပ်ခဲ့ပြီး ပြိုင်ဘက်အသင်းတွေအတွက် အကျိုးအမြတ်ရရှိစေတယ်လို့ စောဒကတက် ဝေဖန်ပြောကြားခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကြောင့် တင်းကြပ်တဲ့အချိန်ဇယားနဲ့ ကစားနေရတဲ့ ချယ်ဆီးအသင်းဟာ အာဆင်နယ်၊ ဗီလာတို့နဲ့ ၄၈ နာရီအတွင်းမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် ကစားသမားတွေ ပွဲမပမ်းစေဖို့ အလှည့်ကျအသုံးပြုသွားရဖွယ်ရှိနေပြီး အကောင်းဆုံးပွဲထွက်လူစာရင်းကို အသုံးပြုနိုင်ဖွယ်မရှိတော့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်က ၃ ရက်အတွင်းမှာ ပွဲစဉ် ၂ ပွဲ၊ လီဗာပူးနဲ့ တော့တင်ဟမ်ဟော့စပါးတို့က ၄ ရက်စီ အချိန်ရနေကြတာဖြစ်တာကြောင့် မျှတတဲ့ ပွဲချိန်ဇယား သတ်မှတ်မပေးနိုင်တဲ့ ပရီးမီးယားလိဂ်နဲ့ ရုပ်သံထုတ်လွှင့်တဲ့ဌာနတွေအပေါ် လမ်းပတ်က ပြစ်တင်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“၄၈ နာရီအတွင်း ၂ ပွဲကစားရမယ်။ ဒါတွေက ကျွန်တော်တို့အတွက် အရေးပါတဲ့ အမှတ်တွေပါ။ ဘာလို့လဲဆိုတော့ ဇယားထိပ်မှာ ကျွန်တော်တို့လို ဖလားစိန်ခေါ်နေတဲ့ တခြားအသင်းတွေက ၃ ရက်အတွင်း ၂ ပွဲကစားရတယ်။ ယူနိုက်တက်၊ စပါး၊ လီဗာပူးတို့က သုံးလေးရက်လောက် အချိန်ရကြတယ်။ ဒါက ပရီးမီးယားလိဂ် တာဝန်ရှိသူတွေရဲ့ အရည်အချင်းကို ပြသနေတာပဲ။ အဲ့လို ဆက်တိုက်ကစားရတာက ကစားသမားတွေရဲ့လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်”

“ဇယားထိပ်က တခြားအသင်းတွေက ၃ ရက် ၂ ပွဲကစားရချိန်မှာ ကျွန်တော်တို့က ၂ ရက်အတွင်း ၂ ပွဲ ကစားရတယ်။ ဒါက မျှတတယ်လို့ မထင်ပါဘူး။ ဒါက မှားယွင်းနေပြီးတော့ ထိပ်တန်းအဆင့်မှာ ကစားရတဲ့ ကစားသမားအတွက် အကောင်းဆုံးဖြစ်စေမှာမဟုတ်ဘူး။ အက်စ်တွန်ဗီလာမှာလည်း အလားတူ ပြဿနာရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တခြားအသင်းတွေလိုမျိုး နားချိန် ကောင်းကောင်းမရပါဘူး။ ဒါက လေ့ကျင့်ရေးဆင်းပြီး ပွဲချိန်ပြည့် ကစားရတဲ့ ကစားသမားတွေအတွက် ပိုတောင်ဆိုးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။