လီဗာပူးရဲ့ချန်ပီယံဘွဲ့ကို လုမယ့်သူက ယူနိုက်တက်လို့ ပေါလ်မာဆန် သုံးသပ်

ပေါလ်မာဆန်က လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းဖို့ကို အနီးကပ်ဆုံးခြိမ်းခြောက်မယ့်အသင်းဟာ မန်ချက်စတာယူနိုက်တက်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညနေမှာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် လက်စတာစီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြေခွေးပြာတွေကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ယခုရာသီအစကို နှေးကွေးစွာ စတင်ခဲ့တဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး သရဲနီတွေက ယူနိုက်တက်အသင်းနဲ့ အနီးကပ်ဆုံးနေရာကို ရောက်ရှိလာတော့မယ်လို့ ပေါလ်မာဆန်က ထင်မြင်နေတာဖြစ်ပါတယ်။

ပေါလ်မာဆန်က ပြီးခဲ့တဲ့ရာသီအနည်းငယ်က လီဗာပူးရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်ချက်တာစီးတီးအသင်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ထက် ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အာရုံစိုက်နေတယ်လို့ သံသယရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအနေနဲ့ ဘယ်နေရာကိုပဲ အာရုံစိုက်နေသည်ဖြစ်စေ လီဗာပူးအသင်းအတွက် ယခုရာသီ အကြီးမားဆုံးခြိမ်းခြောက်မှုက ယူနိုက်တက်ဖြစ်လိမ့်မယ်လို့ ပေါလ်မာဆန်က သုံးသပ်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“ယူနိုက်တက်သာ လက်စတာစီးတီးနဲ့ပွဲမှာ အနိုင်ရသွားရင် လိဒ်စ်ယူနိုက်တက်ကို ၆-၂ နဲ့ အနိုင်ယူခဲ့တာထက် ပိုပြီးကြီးမားတဲ့ ကြေညာချက်ဖြစ်လာပါလိမ့်မယ်”

“သူတို့တွေ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ရင်တော့ ကျွန်တော်ကတော့ အံ့သြမိမယ်ထင်ပါတယ်။ အဲဒါက ကျွန်တော့်ခေါင်းကို လည်သွားစေမှာဖြစ်ပြီး သူတို့တွေ အနိုင်ရရှိခဲ့ရင် လီဗာပူးရဲ့အဓိကပြိုင်ဘက်ဖြစ်လာပါလိမ့်မယ်”

“မန်စီးတီးနဲ့ပတ်သက်ပြီး ကျွန်တော် ထင်တာက ဒီရာသီမှာ ချန်ပီယံလိဂ်ကိစ္စပြီးမှ သူတို့နောက်ပိုင်း သေချာကစားကြမယ်ထင်ပါတယ်။ သူတို့တွေ ဗုဒ္ဓဟူးနေ့မှာ ကွာတားဖိုင်နယ်ကစားခဲ့ရင် စနေ၊ တနင်္ဂနွေမှာ ဂွါဒီယိုလာက သူ့ရဲ့အတောင့်တင်းဆုံးလူစာရင်းနဲ့ ကစားဖို့ မမြင်ပါဘူး။ လီဗာပူးအသင်းရဲ့နောက်မှာ အမှတ်အများကြီး လျော့နေခဲ့ပြီးဖြစ်တဲ့အတွက် ချန်ပီယံလိဂ်က သူနဲ့ မန်ချက်စတာစီးတီးအသင်းတို့ လိုချင်တဲ့ တစ်ခုတည်းသောဆုဖလားဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။