ဝါနာက အသင်းအတွက် ပေးသင့်သလောက်မပေးခဲ့ဘူးလို့ ပြောခဲ့တဲ့ လမ်းပတ်

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အာဆင်နယ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူး တီမိုဝါနာက အသင်းအတွက် ဘောလုံးနဲ့ရော ဘောလုံးမရှိတဲ့အချိန်မှာပါ ပေးသင့်သလောက် မပေးခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

တီမိုဝါနာဟာ လက်ရှိအချိန်မှာတော့ ချယ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ ပွဲအထိ သွင်းဂိုးမသွင်းယူနိုင်ဘဲ ဆက်လက်ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီဖြစ်ပြီး ပထမပိုင်းအပြီး ၂-၀ နဲ့ ရှုံးနိမ့်နေချိန်မှာ ဟတ်ဒ်ဆန်အိုဒွိုင်းနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ နည်းပြလမ်းပတ်ရဲ့အပြောင်းအလဲက ပွဲအဖြေကို ပြောင်းလဲပေးနိုင်ခဲ့ခြင်းမရှိဘဲ ၅၆ မိနစ်မှာ ဆာကာက အာဆင်နယ်အတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို တန်မီအေဘရာဟမ်က ပွဲပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ချယ်ဆီးအသင်းဟာ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ရပြီဖြစ်ပါတယ်။ တီမိုဝါနာဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ကလပ်အသင်းအဆင့်မှာ ကာလအရှည်ကြာဆုံး ဂိုးပေါက်ပျောက်ဆုံးမှုကို ရင်ဆိုင်နေရတာဖြစ်ပြီး နည်းပြလမ်းပတ်က ဂျာမန်တိုက်စစ်မှူးဆီက စွမ်းဆောင်ရည်တွေ ပိုမိုရရှိချင်ပေမယ့်လည်း ရုန်းကန်နေရတာဖြစ်ပါတယ်။

“ဒီနေ့အတွက်တော့ တီမိုက ကျွန်တော်တို့ကို ဘောလုံးနဲ့ရော၊ ဘောလုံးမရှိတဲ့အချိန်မှာပါ ပေးသင့်သလောက် မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ သူ့ကို အချိန်ပေးရမှာပါ။ ကျွန်တော် အဲဒီအတိုင်းပဲ ဆက်ပြောနေမှာပါ။ ဘာလို့လဲဆိုတော့ မတူညီတဲ့လိဂ်ဖြစ်နေလို့ဖြစ်တဲ့အပြင် ကျွန်တော်တို့ကလည်း လျင်လျင်မြန်မြန်နဲ့ သွားနေရတာမို့လို့ပါ”

“ကျွန်တော်တို့ ပင်ပန်းနွမ်းနယ်မှုကိုလည်း မြင်ခဲ့ရပါတယ်။ ကျွန်တော် သူနဲ့ စကားပြောရမှာပါ။ ဒါပေမယ့် ကျွန်တော် ပွဲကို ပြောင်းလဲနိုင်ဖို့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရမှာလို့ ခံစားခဲ့ရပါတယ်လို့ ပြောကြားခဲ့ပါတယ်။