ဂွါဒီယိုလာနဲ့ ဆက်ဆံရေးအကြောင်း မက်ဆီ ပြောလို့ စိတ်လှုပ်ရှားနေကြတဲ့ မန်စီးတီးပရိသတ်များ

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပက်ဂွါဒီလာနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပြီးနောက် မန်ချက်စတာစီးတီးပရိသတ်တွေဟာ စိတ်လှုပ်ရှားနေကြကြောင်း သိရပါတယ်။

မက်ဆီနဲ့ ဂွါဒီယိုလာတို့ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကြား ၄ နှစ်ကြာ အလုပ်အတူတူလုပ်ခဲ့ကြဖူးသူတွေဖြစ်ပြီး လာလီဂါဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ကြတာဖြစ်ပါတယ်။ မက်ဆီဟာ အဲဒီလိုတောက်ပတဲ့အချိန်ကာလအတွင်း ၂၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုလည်း ၉၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာ ဘာစီလိုနာအသင်းကို စွန့်ခွာခဲ့တာ ၈ နှစ်ကြာမြင်ခဲ့ပြီဖြစ်ပြီး မက်ဆီက အင်တာဗျူးအသစ်မှာ ၎င်းရဲ့နည်းပြဟောင်းနဲ့ပတ်သက်တဲ့ အကြောင်းတွေ ပြောပြခဲ့တဲ့အချိန်မှာ မန်ချက်စတာစီးတီးပရိသတ်တွေက များစွာပျော်ရွှင်ခဲ့ကြတာဖြစ်ပါတယ်။ ဘလွန်းဒီအော် ၆ ဆုရှင်ဟာ La Sexta ရဲ့ ဂျော်ဒီအီဗိုနဲ့ တစ်နာရီစကားစမြည်ပြောဆိုခဲ့တဲ့ အင်တာဗျူးအစီအစဉ်ဟာ ယနေ့မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

အင်တာဗျူးအပိုင်းတစ်ပိုင်းမှာ မက်ဆီက ဂွါဒီယိုလာရဲ့ နည်းပြအရည်အချင်းကို ချီးကျူးစကား ပြောကြားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာ၊ လူးဝစ္စအန်းနရစ်တို့နဲ့ လေ့ကျင့်ခဲ့ရတဲ့အတွက် ကံကောင်းခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပက်က အရမ်းထူးခြားတဲ့သူပါ။ သူက ခင်ဗျားကို အရာအားလုံးကို အံ့အားသင့်ဖွယ်ပုံစံနဲ့ မြင်အောင် ပြုလုပ်ပေးပါတယ်။ သူ ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ပုံ၊ ခံစစ်ကစားပုံ၊ တိုက်စစ်ကစားပုံတွေနဲ့ပေ့ါ”

“ကျွန်တော် ဂွါဒီယိုလာနဲ့ လူးဝစ္စအန်းနရစ်တို့လက်အောက်မှာ လေ့ကျင့်ခဲ့ရလို့ ကံကောငး်ပါတယ်။ အကောင်းဆုံးနည်းပြ ၂ ယောက်ပါ။ သူတို့က ကျွန်တော့်ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးလာအောင် ပြုလုပ်ပေးခဲ့ပြီး နည်းဗျူဟာပိုင်းပညာတွေလည်း သူတို့ပဲ သင်ပေးခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းပရိသတ်တွေဟာ မက်ဆီရဲ့ ပြောစကားကို မျှဝေခဲ့ကြပြီး ‘အိမ်ကို လာခဲ့ပါတော့ ဘုရင်ကြီး’လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း မက်ဆီကို မန်ချက်စတာစီးတီးဂျာစီနဲ့ ဓာတ်ပုံပြုပြင်ပြီး တင်ခဲ့ပါတယ်။