ဇန်နဝါရီမှာ ကစားသမားတစ်ဦးသာ ခေါ်ယူခွင့်ရရှိခဲ့တဲ့ လမ်းပတ်

ချယ်ဆီးအသင်းအပြောင်းအရွှေ့အကြီးအကဲ မာရီနာဂရာနော့ဗ်စကီရာဟာ ယခုနွေရာသီမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လမ်းပတ်ကို ကစားသမားတစ်ဦးသာ ခေါ်ယူခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြလမ်းပတ်ကို ၂၀၂၀-၂၀၂၁ ရာသီမတိုင်မီ တီမိုဝါနာ၊ ကိုင်ဟားဗက်၊ ဘန် ချေးလ်ဝဲလ်၊အီဒွါ မန်ဒီ စတဲ့ကစားသမားတွေကို ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ခေါ်ယူပေးခဲ့တာဖြစ်ပေမယ့်လည်း လမ်းပတ်က တစ်စုံတရာပျောက်ဆုံးနေသေးတယ်လို့ ခံစားနေရတာကြောင့် နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ဟာ ချယ်ဆီးအသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားဖို့ လန်ဒန်ကလပ်အသင်းက စဉ်းစားနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အသက် ၂၁ နှစ်အရွယ်ကစားသမားကို ရောင်းချဖို့ ဖိအားတွေအောက်မှာ ရှိနေပြီး နည်းပြမိုရက်စ်ကလည်း မကြာသေးမီက အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူမယ်ဆိုရင် အင်္ဂလန်ဘဏ်တိုက်ကို ဖွင့်ရလိမ့်မယ်(ငွေကြေးပမာဏများစွာပေးရမှာကို တင်စားပြောဆိုခြင်း)လို့ သတိပေးပြောကြားထားတာဖြစ်ပါတယ်။

ဒါကြောင့် ချယ်ဆီးအသင်းဟာ အခြားရွေးချယ်စရာတွေကို ရှာဖွေရမှာဖြစ်ပေမယ့် ချယ်ဆီးအပြောင်းအရွှေ့အကြီးအကဲဖြစ်တဲ့ မာရီနာဂရာနော့ဗ်စကီရာက ဒီကလန်ရိုက်စ်တစ်ဦးတည်းကိုသာ ခေါ်ယူခွင့်ပြုသွားမယ်လို့ သိရပြီး အခြားကစားသမားတွေကို ခေါ်ယူပေးချင်တဲ့ဆန္ဒမရှိဘူးလို့ The Athletic ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ဟာ ၂၀၁၄ ခုနှစ်မှာ ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ခွာခွင့်ပြုခြင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိမှာတော့ ချယ်ဆီးအသင်းက ရှာဖွေနေတဲ့ ကစားသမားပုံစံအတိုင်း ပုံလောင်းထားသလို အတိအကျဖြစ်နေပြီဖြစ်ပါတယ်။