ဂိုးထဲအတည်ကန်သွင်းခဲ့တာဆိုတဲ့ ဆာကာကို လိမ်နေတာလို့ ထင်နေတဲ့ ဂရီးလစ်ရှ်

အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ဟာ စနေနေ့ညက ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ထူးခြားဆန်းကြယ်တဲ့ သွင်းဂိုးကို တမင်ရည်ရွယ်ပြီးသွင်းယူခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ဆာကာကို ယုံကြည်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဆာကာက ချယ်ဆီးအသင်းကို ဘောက်ဆင်ဒေးမှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အာဆင်နယ်အတွက် တတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လာကာဇက်နဲ့ ရှာခါတို့က အဖွင့်ဂိုးနဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ညာတောင်ပံကနေ ဘောလုံးကို ဖြတ်တင်ပေးပို့ဖို့ ကြိုးစားခဲ့တာ သိသိသာသာပေါ်လွင်ခဲ့ပေမယ့် ဘောလုံးက မမျှော်လင့်ဘဲ ဂိုးသမား မန်ဒီကို ကျော်ပြီး ဂိုးထောင့်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဆာကာက ပွဲအပြီးမှာ ‘သူ ဂိုးစည်းအပြင်ဘက်ထွက်နေတာ တွေ့ခဲ့လို့ပါ’လို့ တွစ်တာမှာ ရေးသားခဲ့ပြီး Sky Sports ရဲ့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာလည်း ‘ဟုတ်တာပေါ့ ကိုယ့်လူရ။ သူ ဂိုးစည်းအပြင်ထွက်နေခဲ့တာ’လို့ တစ်ထပ်တည်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ကတော့ အင်္ဂလန်အသင်းဖော်ရဲ့ ပြောကြားချက်ကို မယုံကြည်နိုင် ဖြစ်ခဲ့ပုံရပြီး ‘မင်းတော်တော်ရယ်ရတဲ့ကောင်။ လူလိမ်’လို့ ရေးသားပြီး ဆာကာရဲ့ တွစ်တာပို့စ်ကို မျှဝေခဲ့ပါတယ်။

ဆာကာအနေနဲ့ ဂိုးသွင်းဖို့ ရည်ရွယ်ခဲ့တာပဲဖြစ်ဖြစ်၊ မရည်ရွယ်ခဲ့တာပဲဖြစ်ဖြစ် လန်ဒန်ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာတော့ ငြင်းလို့ရနိုင်မှာမဟုတ်ပါဘူး။