ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပေါက်ကရတွေလုပ်ခဲ့တဲ့ အသင်းဖော်တွေကို ရောဘတ်ဆန် ဝေဖန်

လီဗာပူးနောက်ခံကစားသမား ရော်ဘတ်ဆန်ဟာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ စိတ်ပျက်ဖွယ် သရေကျခဲ့ပြီးနောက် လီဗာပူးအသင်းဖော်တွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နေရတဲ့ လီဗာပူးအသင်းဟာ အန်းဖီးမှာ ပွဲချိန်အများစုကို လွွှမ်းမိုးထားနိုင်ခဲ့ပြီး ပထမပိုင်း ၁၂ မိနစ်မှာ မာနေးက လီဗာပူးအတွက် ဂိုးသွင်းယူပြီးနောက် အမှတ်ပေးဇယားမှာ ၅ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်မယ့်ပုံပေါ်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ ပွဲကို ဖြတ်ထားနိုင်ခဲ့ခြင်းမရှိဘဲ ၈၂ မိနစ်မှာ ထောင့်ကန်ဘောကနေ အဂျာရီရဲ့ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပြီး သရေကျခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ပွဲစဉ်က သရေ ၁ မှတ်ဟာ ဝက်စ်ဘရွန်းအသင်းအတွက် ယခုရာသီ ရမှတ် ၈ မှတ်ပြည့်မြောက်စေခဲ့တာဖြစ်ပြီး နည်းပြဆလာဗင်ဘီလစ်အစား ဆမ်အလာဒိုက်စ်ကို အစားထိုးခန့်အပ်ပြီးနောက် ပထမဆုံး ရမှတ် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

“ခင်ဗျား လျော့တိလျော့ရဲ့လုပ်နေတဲ့အချိန်ကျရင် ခင်ဗျားနဲ့ ထိုက်တန်တာပဲ ရမှာပါ”

“ခင်ဗျား ဆမ်အလာဒိုက်စ်ရဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့အခါမှာ သူတို့တွေက ဒီတိုင်းနေပြီး သူတို့ရတဲ့အခွင့်အရေးတစ်ခုကိုတော့ ယူမယ်ဆိုတာ ခင်ဗျား သိမှာပါ”

“ကျွန်တော်တို့ ပထမပိုင်းမှာ အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ အဲဒီအတိုင်း နောက်ထပ်ကျွန်တော်တို့ မလုပ်ချင်ခဲ့ကြပါဘူး။ ကျွန်တော်တို့ ပေါ့လျော့နေကြပါတယ်”

“ကျွန်တော်တို့ အားလုံးတစ်ယောက်ချင်းစီတိုင်းက ဒုတိယပိုင်းမှာ မဖြစ်ခဲ့သင့်တဲ့အမှားတွေ ပြုလုပ်ခဲ့တယ်။ ဒုတိယပိုင်းမှာ ကစားသွားတဲ့ပုံစံအတွက် ဝက်စ်ဘရွန်းကို ချီးကျူးပါတယ်”

“သူတို့က ခင်ဗျားကို စိတ်ပျက်အောင် ကြိုးပမ်းပြီး ပွဲကို အရှိန်လျော့ပြီး တန်ပြန်တိုက်စစ်နဲ့ ထိုးနှက်မယ်ဆိုတာ ခင်ဗျား သိပါတယ်။ ကျွန်တော်တို့ အဲဒါကို ပထမပိုင်းမှာ လုပ်ခွင့်မပေးခဲ့ဘူး။ ပြီးတော့ သူတို့တွေ ၁-၀ ဖြစ်သွားတာ ကြာသွားတော့ ယုံကြည်မှုတွေ ကြီးထွားလာပါတယ်”

“ကျွန်တော်တို့ ရမှတ်တွေရယူပြီး ရှေ့ဆက်သွားမှာပါ။ ကျွန်တော်တို့ စိတ်ပျက်လို့ ထိုင်နေလို့မရပေမယ့် ကြီးမားတဲ့စိတ်ပျက်စရာတော့ ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။