နေမာကို ပြန်ခေါ်ဖို့ ပိုက်ဆံတပြားမှမရှိဘူးလို့ ပရိသတ်တွေကို သတိပေးခဲ့တဲ့ မက်ဆီ

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ နေမာလလို ကစားသမားမျိုးကို ခေါ်ယူဖို့အတွက် အသင်းမှာ ပိုက်ဆံမရှိဘူးလို့ ပရိသတ်တွေကို သတိပေးပြောကြားခဲ့ပါတယ်။

လီယွန်နယ်မက်ဆီဟာ ရော်နယ်ကိုးမန်းရဲ့အကျိုးသက်ရောက်မှုနဲ့ အားပေးခြင်းကို ခံခဲ့ရသူဖြစ်ပေမယ့် အသင်းက ဘဏ္ဍာရေးအားနည်းနေတာကြောင့် အရင်အနေအထားကို ပြန်ရဖို့အတွက် ခက်ခဲလိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီရဲ့စာချုပ်လျော်ကြေးဟာ အသက်ဝင်နေဆဲဖြစ်ကြောင်း ပြောကြားပြီး အသင်းကနေ ထွက်ခွာခွင့် မပြုခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ နောက်ဆုံးမှာတော့ အသင်းကနေ ထွက်ခွာဖို့ နောက်ထပ်အားထုတ်မှုတွေ မပြုလုပ်ဖို့ ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီဟာ လာမယ့်အပတ်မှာ အခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနိုင်တော့မှာဖြစ်ပေမယ့် ရာသီကုန်အထိ ၎င်းရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်မချဖို့ ရည်ရွယ်ထားတာကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ပရိသတ်တွေအများစုက ရော်နယ်ကိုးမန်းရဲ့ ရာသီအစကို စိတ်ပျက်နေကြပြီး လက်ရှိအမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေရပေမယ့်လည်း မက်ဆီက ဒတ်ချ်လူမျိုးနည်းပြနဲ့ပတ်သက်ပြီး ချီးကျူးစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရော်နယ်ကိုးမန်းနဲ့ပတ်သက်ပြီး ကျွန်တော် ထင်တာက သူ့မှာ အသင်းအတွက် သူ ဖြစ်ချင်တဲ့ အကြံအစည်နဲ့ လေးနက်တဲ့ စီမံကိန်းမျိုးရှိတယ်ဆိုတာပါပဲ။ အဲဒါက အရမ်းကြီးမားတဲ့အောင်မြင်မှုဖြစ်မှာဖြစ်ပြီး သူ အရာအားလုံးကို အရမ်းကောင်းကောင်းလုပ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အစပိုင်းမှာတော့ အဲဒါက ခက်ခဲခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းမှာ ကစာသမားသစ်တွေ၊ လူငယ်ကစားသမားတွေအများကြီးရှိနေလို့ပါ။ ဒါပေမယ့် အသင်းက နည်းနည်းချင်းစီ ကြီးထွားလာနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီက ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခြေအနေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပရိသတ်တွေအနေနဲ့ နေမာ ပြန်လာနိုင်မယ့်အလားအလာနဲ့ပတ်သက်ပြီး မျှော်လင့်ချက် မထားသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“အားလုံးဖြစ်နေတဲ့အတိုင်းပဲ အသင်းအတွက် ဘဏ္ဍာရေးအခြေအနေက ခက်ခဲတဲ့အချိန်ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိရသလောက်က အသင်းက တော်တော်လေး အခြေအနေဆိုးနေတယ်။ အရမ်းဆိုးနေတယ်။ အရင်တုန်းက အခြေအနေမျိုး ပြန်ရဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်”

“ဥက္ကဌသစ်အတွက်လည်း လွယ်ကူမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ အသင်းမှာ အရမ်းခက်ခဲတဲ့အခြေအနေကို တွေ့ရမှာမို့လို့ပါ။ အဲဒါကို ပြောင်းလဲပစ်ဖို့ကတော့ လွယ်မှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။