ရော်နယ်ဒိုမရှိလို့ ဘာမှမဖြစ်ပေမယ့် လာလီဂါမှာ မက်ဆီမရှိလို့မရဘူးဆိုတဲ့ မီလာ

ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ကို ကိုယ်စားပြုကစားပေးခဲ့ဖူးတဲ့ လူးဝစ္စမီလာက အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်ကို လာလီဂါမှာ ဆက်လက်ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လီယွန်နယ်မက်ဆီဟာ လာလီဂါအတွက် ဘယ်လိုမှ အစားထိုးလို့မရနိုင်တဲ့သူအဖြစ် ရှိနေဆဲဖြစ်တယ်လို့ လူးဝစ္စမီလာက ပြောကြားခဲ့ပြီး ဂျူဗင်တပ်အတွက် စပိန်ကို ရော်နယ်ဒို စွန့်ခွာသွားတုန်းက ဘဝက ဒီတိုင်းဆက်သွားနေပေမယ့်လည်း မက်ဆီမရှိရင် မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘလွန်းဒီအော် ၆ ဆုရှင်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ နူးကမ့်ကနေ အဝေးကို ထွက်သွားဖို့အတွက် တွန်းအားပေးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ရာသီကို စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့တာကို ဒေါသထွက်ခဲ့တဲ့ မက်ဆီဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာနဲ့ လာလီဂါဥက္ကဌက မက်ဆီ ထွက်ခွာဖို့ ကြိုးပမ်းမှုကို ပိတ်ပင်တားဆီးခဲ့တာ အံ့သြစရာတော့မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ မက်ဆီဟာ ၎င်းရဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ယခုရာသီကုန်အထိ အသင်းမှာ ဆက်နေသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ယခုရာသီကုန်မှာ ဘာစီလိုနာကို အမှန်တကယ်စွန့်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

မီလာက မက်ဆီဟာ ရော်နယ်ဒို လုပ်သလိုမျိုး လုပ်မှာမဟုတ်ဘူးလို့ မျှော်လင့်နေပြီး တောင်အမေရိကကြယ်ပွင့်တိုက်စစ်မှူးဟာ စပိန်ဘောလုံးလောကရဲ့ ကြယ်ပွင့်အဖြစ် ဆက်ရှိနေမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“မက်ဆီ ဆက်နေခဲ့တာက စပိန်ဘောလုံးလောကအတွက် အရမ်းကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူက ရည်မှန်းချက်ကြီးတဲ့ကစားသမားဖြစ်ပြီး ဆုဖလားတွေကို ရယူချင်တယ်”

“ပြီးခဲ့တဲ့ရာသီမှာ သူ့အတွက် အဲဒီလိုမဖြစ်ခဲ့ဘဲ အဲဒါထက် အားကစားဒါရိုက်နဲ့ ကောင်းကောင်းအချိတ်အဆက်မမိခဲ့ဘူး။ ဒါရိုက်တာ၊ ဥက္ကဌတို့နဲ့ ကောင်းမွန်တဲ့ခံစားချက်မျိုး မရခဲ့ဘူး။ ပြီးခဲ့တဲ့ရာသီမှာ နည်းပြအပြောင်းအလဲလုပ်တာနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေခဲ့ပါတယ်”

“ဟုတ်တာပေါ့။ ခရစ်စတီယာနိုရော်နယ်ဒို လာလီဂါကို စွန့်ခွာသွားပြီး ဘဝကြီးက ဒီတိုင်းဆက်သွားနေတယ်။ မက်ဆီလည်း အနာဂတ်မှာ သွားပါလိမ့်မယ်။ လာလီဂါမှာ အခြားအရမ်းကောင်းတဲ့ကစားသမားတွေနဲ့ ဒီတိုင်းပဲ ဆက်သွားနေဦးမှာပါပဲ။ ဒါပေမယ့် မက်ဆီလိုကစားသမားမျိုးက အစားထိုးလို့ မရနိုင်ဘူး။ သူတို့တွေက တသက်မှာတစ်ခါ ဘယ်သူနဲ့မတူတဲ့သူမျိုး၊ လိုက်ပြီးတုပလို့မရနိုင်တဲ့ကစားသမားတွေပါ”

“မက်ဆီမရှိဘဲ လာလီဂါက ရပ်တည်နိုင်မှာပါ။ ဒါပေမယ့် အဲဒါက တူညီတော့မှာမဟုတ်ပါဘူး။ သူသာ ဆက်နေခဲ့ရင် ကျွန်တော် သိပ်ဝမ်းသာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။