သားဖြစ်သူ ကိုကာကိုလာသောက်နေတာမြင်ပြီး စိတ်ပျက်သွားခဲ့တဲ့ ရော်နယ်ဒို

ခရစ်စတီယာနိုရော်နယ်ဒိုက ၎င်းရဲ့အကြီးဆုံးသားဖြစ်သူ ခရစ်စတီယာနိုရော်နယ်ဒိုဂျူနီယာကို ဘောလုံးသမားတစ်ယောက်ဖြစ်လာအောင် တွန်းအားပေးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် အသက် ၁၀ နှစ်အရွယ်သားဖြစ်သူ ကိုကာကိုလာသောက်နေတဲ့အချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့မှာ ၂၁ ရာစုရဲ့အကောင်းဆုံးကစားသမားဆုကို ဒူဘိုင်းမှာ သွားရောက်လက်ခံရယူခဲ့တာဖြစ်ပြီး ၎င်းရဲ့ ကစားသမားဘဝတလျှောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပေမယ့် ဆုပေးပွဲမတိုင်မီကတည်းက အမှန်တကယ်ထိုက်တန်တဲ့ ရောဘတ်လီဝန်ဒေါစကီးကို ပေးဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဆုပေးပွဲအပြီးမှာ ရော်နယ်ဒိုကို အင်တာဗျူးမေးမြန်းသူက ၎င်းရဲ့သားဖြစ်သူအနေနဲ့ ထိပ်တန်းအဆင့်မှာ ကစားနိုင်မယ့် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာဖို့ ဘာတွေလိုအပ်ပြီး ဘာတွေ မလိုအပ်တာလဲလို့ မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

“မဖြစ်နိုင်သေးပါဘူး။ တခါတရံ သူ့ကို တင်းတင်းကြပ်ကြပ်လုပ်မိတယ်။ ဘာလို့လဲဆိုတော့ သူ တစ်ခါတလေ ကိုကာကိုလာနဲ့ ဖန်တာတွေ သောက်တော့ သူ့ကို စိတ်ပျက်မိလို့ပါ”

“သူ ဆီကြော်မုန့်တွေနဲ့ တခြားဘာစားစား စားတဲ့အခါကျရင် ကျွန်တော်နဲ့ ရန်ဖြစ်တယ်။ ကျွန်တော် အဲဒါတွေ မကြိုက်ဘူးဆိုတာ သူသိပါတယ်”

“ကျွန်တော့် ကလေးသေးသေးလေးတွေတောင် သူတို့ ချောကလက်စားတဲ့အခါကျရင် ကျွန်တော့်ကို အမြဲတမ်းကြည့်နေတယ်။ ခင်ဗျား သိတယ်မလား။ ကျွန်တော်တို့က ကြံ့ခိုင်နေရမှာလေ”

“ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် သူက အလားအလာရှိပါတယ်။ သူက အကောင်ကြီးတဲ့ ကလေးပါ။ သူက လျင်မြန်ပြီး ကောင်းကောင်း အလုပ်ကြိုးစားတယ်။ ဒါပေမယ့် ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော် သူ့ကို အချိန်တိုင်းပြောတယ်။ ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ စိတ်ဆန္ဒပြင်းပြမှုအများကြီးနဲ့ အများကြီးပြင်းပြင်းထန်ထန်ကြိုးစားဖို့လိုတယ်ဆိုတာကိုပါ”

“တစ်ခါတလေ ကျွန်တော်တို့ အိမ်မှာရှိနေတဲ့အချိန် သူ့ကို ပြေးစက်ပေါ်သွားပြီး နည်းနည်းပြေးလိုက်လို့ ပြောလိုက်တယ်။ ပြေးစက်ပေါ် ပြေးပြီးတဲ့နောက်မှာ နောက်နေ့ ဒီဟာကိုထပ်လုပ်ဖို့ ရေခဲရေ သွားစိမ်လို့ ပြောတယ်။ အဲဒီကျရင်သူက အဖေ ရေက အရမ်းအေးတယ်။ သား အဲဒါကို မလုပ်ချင်ဘူးလို့ ပြန်ပြောတယ်”

“ဒါပေမယ့် ကျွန်တော် အဲဒါကို နားလည်ပါတယ်။ သူက အသက် ၁၀ နှစ်ပဲ ရှိသေးတာလေ။ သူ့ သဘောအတိုင်းပါပဲ။ ကျွန်တော် သူ့ကို ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ဘာမှ တွန်းအားပေးမှာမဟုတ်ပါဘူး။ သူ့ကို ဘောလုံးသမားဖြစ်စေချင်လားလို့ မေးရင်တော့ ကျွန်တော်ဖြစ်စေချင်တယ်လို့ ပြောမှာပါ။ ဒါပေမယ့် သူ ဖြစ်ချင်တာဘာမဆို သူ ဖြစ်လို့ရပါတယ်။ သူ ဆရာဝန်ဖြစ်ချင်တယ်ဆိုရင် သူ့ကို ‘ငါက အတော်ဆုံးဆရာဝန်ဖြစ်ရမယ်’ဆိုတဲ့အတွေးမျိုး တွေးစေချင်တာပါ”လို့ ပြောကြားခဲ့ပါတယ်။