ဘာစီလိုနာကြယ်ပွင့်ကို ဇန်နဝါရီမှာ အငှားနဲ့ခေါ်ဖို့ စီစဉ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘာစီလိုနာလူငယ်ကြယ်ပွင့် ရီကွီပုဂျ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စပိန်လူငယ်ကစားသမားဟာ နည်းပြရော်နယ်ကိုးမန်းလက်ထက်မှာ ပွဲထွက်ခွင့်အတွက် နေရာမရဖြစ်နေသူဖြစ်ပြီး ဒတ်ချ်နည်းပြက လူငယ်ကွင်းလယ်ကစားသမားကို အငှားချမယ့်စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြအာတီတာက ယခုရာသီမှာ သွင်းဂိုးနည်းပါးနေတဲ့ အသင်းရဲ့ကွင်းလယ်ကို ဖန်တီးမှုကောင်းတဲ့ ကစားသမားသစ်တွေ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အစ္စကို၊ ဟူဆန်အူဝါ၊ ဘူအန်ဒီယာတို့လို ကစားသမားတွေဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပေမယ့် ရီကွီပုဂျ်က ဇန်နဝါရီမှာ အာဆင်နယ်အတွက် စျေးချိုတဲ့ ရွေးချယ်စရာအဖြစ် ရှိနေတာဖြစပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ စပိန်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင်မှာ စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ ယခုရာသီ ၎င်းရဲ့အစီအစဉ်ထဲမှာ ရီကွီပုဂျ်ကို ထည့်သွင်းထားတဲ့ပုံမပေါ်ဘဲ အသက် ၂၁ နှစ်အရွယ်ကစားသမားကို အတွေ့အကြုံရအောင် အငှားချသွားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။