ခရစ်စတန်ဆန်ကို လဲကျနေရာကနေ ပြန်မထလို့ ဝေဖန်ခဲ့တဲ့ တယ်ရီ

ချယ်ဆီးနဲ့ အက်စ်တွန်ဗီလာအသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း အက်စ်တွန်ဗီလာအသင်း သွင်းယူသွားခဲ့တဲ့ ချေပဂိုးမှာ ခရစ္စတန်ဆန်ရဲ့ အမှားတချို့ ပါဝင်ခဲ့တဲ့အပေါ် အက်စ်တွန်ဗီလာလက်ထောက်နည်းပြဖြစ်တဲ့ ချယ်ဆီးဂန္တဝင်နောက်ခံကစားသမား ဂျွန်တယ်ရီက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဂီရော့ဒ်ရဲ့ အဖွင့်ဂိုးနဲ့ အက်စ်တွန်ဗီလာအသင်းကို ဦးဆောင်နိုင်ခဲ့ပြီးနောက် အယ်လ်ဂါဇီက ချယ်ဆီးကစားသမားတွေရဲ့ အမှားကနေတဆင့် အက်စ်တွန်ဗီလာအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အယ်လ်ဂါဇီရဲ့သွင်းဂိုးအတွက် တိုက်စစ်စတင်ချိန်မှာ ချယ်ဆီးနောက်ခံကစားသမား ခရစ်စတန်ဆန်နဲ့ ဗီလာကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ရှ်တို့ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ချေပဂိုးကို ခွင့်ပြုမပေးသင့်ဘူးလို့ ချယ်ဆီးပရိသတ်တွေက ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဂျွန်တယ်ရီက စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြန်လာရတဲ့အတွက် ဝမ်းသာကြောင်း အင်စတာဂရမ်မှာ ရေးသားခဲ့ပြီး ပဲလေ့စ်ကို ၃-၀ နိုင်ခဲ့ပြီးနောက် ၄၈ နာရီအတွင်းမှာပဲ ပုံစံကောင်းတွေ ထပ်မံပြသခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ဂျွန်တယ်ရီရဲ့ အင်စတာဂရမ်ပို့စ်အောက်မှာ ပရိသတ်တစ်ယောက်က ‘အဲဒီ ချေပဂိုးကို မင်းဒေါသဖြစ်နေခဲ့မှာပဲ ဂျွန်။ ဒီပွဲမှာ ကြည့်ရသလောက် အားကစားစိတ်ဓာတ် မရှိခဲ့ဘူး’လို့ မှတ်ချက်ပေးခဲ့တဲ့အခါမှာ ဂျွန်တယ်ရီက ‘ခရစ်စတန်ဆန် ပြန်ထခဲ့သင့်တယ်’လို့ ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ခရစ်စတန်ဆန်ဟာ ဂရီးလစ်ရှ်နဲ့ထိခိုက်မိပြီး လဲကျနေချိန်မှာ ဂရီးလစ်ရှ်က ကစားတာ မရပ်တန့်ဘဲ ဘောလုံးရယူခဲ့ပြီးတော့ ရူဒီဂါက ဘောလုံးကို ဖျက်ထုတ်ရာကနေတစ်ဆင့် အယ်လ်ဂါဇီက ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။