အနိုင်ရလဒ်ဆောင်ကြဉ်းပေးနိုင်တဲ့ ကစားသမား ၂ ဦး ပါဝင်ကစားပေးနိုင်ဖို့ ဆိုးလ်ရှား မျှော်လင့်နေ

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ယနေ့ည ဝုဗ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ဝမ်ဘစ်စ်ကာ ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး လင်ဒီလော့ဖ်လည်း နောက်ဆုံးမှာ ပါဝင်ကစားနိုင်မယ်လို့ ထင်မြင်နေပါတယ်။

လင်ဒီလော့ဖ်ဟာ ဘောက်ဆင်ဒေးတုန်းက လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ယခုအပတ်အစောပိုင်း လိဒ်စ်ယူနိုက်တက်ကို ၆-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ဘစ်စ်ကာရဲ့ ညာနောက်ခံနေရာမှာ ဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွီဒင်လက်ရွေးစင်ကြယ်ပွင့်ဟာ ဒုတိယပိုင်းမှာ ဒဏ်ရာရရှိသွားတဲ့အတွက် တွမ်ဇီဘီနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ည အိုးထရက်ဖို့ဒ်မှာ ဝုဗ်ကို လက်ခံယှဉ်ပြိုင်ပြီး ၎င်းတို့ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ကို တိုးတက်လာဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဆိုးလ်ရှားက ကစားသမား ၂ ဦးစလုံး ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပေမယ့် ဘစ်စ်ကာကတော့ ပိုပြီး အခွင့်အရေးများတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဗစ်တာက တနင်္လာနေ့မနက်က လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို ၂၄ နာရီ အချိန်ပေးရမှာပေါ့။ သူ ကုသမှု ခံယူနေရဆဲပါ”

“အာရွန်ကတော့ တခြားလူတွေနဲ့ လေ့ကျင့်ရေးဆင်းခဲ့တယ်။ ကျွန်တော်တို့ အများကြီးမလုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ နှင်းတွေကျနေပြီး ကြိုတင်ပြင်ဆင်တဲ့လေ့ကျင့်ရေးသဘောလောက်ပဲ လုပ်ခဲ့လို့ပါ။ ဘာတုံ့ပြန်မှုမျိုးမှ မရှိဘူးဆိုရင်တော့ သူ ပါဝင်ကစားပေးနိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။