စာချုပ်သစ်ကြောင့် ရွေးချယ်စရာမရှိဖြစ်နေရတဲ့ ဒီဘာလာ

ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘာလာကို တစ်နှစ်လုပ်ခလစာ ပေါင် ၉သန်းတန်ကြေးရှိတဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ ဂျူဗင်တပ်အသင်းက စီစဉ်နေပြီး တကယ်လို့ စာချုပ်သစ် ကမ်းလှမ်းမှုကိုသာ အာဂျင်တီးနားကြယ်ပွင့်က ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ အပြီးသတ်ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ဒီဘာလာဟာ လက်ရှိမှာတော့ တစ်နှစ်လုပ်ခလစာအနေနဲ့ ပေါင် ၆.၈ သန်းတန်ကြေးရှိတဲ့ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အာဂျင်တီးနားတိုက်စစ်မှူးရဲ့ စျေးကွက်တန်ဖိုးမကျဆင်းရအောင် ဂျူဗင်တပ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

စာချုပ်သစ်အရ ဒီဘာလာဟာ မက်မောလောက်ဖွယ် လစာငွေပမာဏကို ရရှိမှာ ဖြစ်ပေမယ့် အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေခြင်းမရှိသူဖြစ်ပြီး ပွဲထွက်ကစားချိန်ရရှိဖို့အတွက် အသင်းပြောင်းရွှေ့လိုတဲ့ဆန္ဒရှိတယ်ဆိုရင်တော့ ဂျူဗင်တပ်အသင်းက လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ အပြီးသတ် ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဒီဘာလာအတွက် စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားတာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်နေတာဖြစ်ပြီး ဒီဘာလာရဲ့ အေးဂျင့်လည်း စာချုပ်သစ်ကိစ္စကြောင့် အီတလီကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီဘာလာဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေသူ တစ်ယောက်ဖြစ်ပြီး စီးရီးအေ ၈ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြ ပီယာလိုကလည်း တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ မိုရာတာတို့ တိုက်စစ်အတွဲကိုသာ ပိုမိုအသုံးပြုဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး အဲဒီအတွက်ကြောင့်လည်း အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ပုံမှန်ပွဲကစားချိန်ရရှိမယ့် အသင်းကို ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။