၂၀၀၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရတဲ့ ဘာကာ

ဘာစီလိုနာအသင်းဟာ ယမန်နေ့ညက အီဘာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အီဘာနဲ့ပွဲအတွက် ပွဲထွက်လူစာရင်းကနေ မက်ဆီ ချန်လှပ်ခံခဲ့ရတာကြောင့် ပွဲကြည့်စင်ကနေ ပွဲကိုကြည့်ခဲ့ရပြီး အိမ်ရှင် ဘာစီလိုနာအသင်းဟာ အမှတ်ပေး ဇယားထိပ်က ရီးရဲမက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ကို အမီလိုက်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာဟာ အီဘာကို အိမ်ကွင်းမှာ အနိုင်မကစားနိုင်ခဲ့ဘဲ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့တဲ့နောက် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မာတင် ဘရိတ်ဝိတ် ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ဒုတိယပိုင်း ၅၇ မိနစ်မှာ ကီကီ ဂါစီယာက ဧည့်သည် အီဘာအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ၁၀ မိနစ်အကြာမှာပဲ ဒမ်ဘီလီက ချေပဂိုး သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းအတွက် သရေ ၁ မှတ် ရယူပေးခဲ့တာဖြစ်ပါတယ်။ ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ ဘာစီလိုနာဟာ လာလီဂါ အဖွင့် ၁၅ ပွဲမှာ ၇ ပွဲသာ အနိုင်ရရှိခဲ့ပြီး ဆယ်စုနှစ် ၂ ခု နီးပါးအတွင်း အဆိုးရွားဆုံး ရာသီအစအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်က နည်းပြရစ်ကတ်လက်ထက်မှာ ဘာစီလိုနာအသင်းဟာ လာလီဂါရာသီအစ ၁၅ ပွဲမှာ ၇ ပွဲထက် ပိုအနိုင်ရဖို့ မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ၁၇ နှစ်အကြာ ယခုရာသီမှာ ရစ်ကတ်ရဲ့ နယ်သာလန်လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်တဲ့ ရော်နယ်ကိုးမန်းကလည်း မလိုချင်တဲ့စံချိန်ဆိုးကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။