ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်ခဲ့တဲ့ လူကာကူ

အင်တာမီလန်ကြယ်ပွင့်တိုက်စစ်မှူး လူကာကူဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ်မှူး ၅ ဦးထဲမှာ ၎င်းက တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၁၉-၂၀၂၀ ရာသီအစမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း အီတလီမှာ သွင်းဂိုးအမြောက်အမြားသွင်းယူနေခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲစုံမှာ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာလည်း ၁၃ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူပေးထားပြီး လွန်ခဲ့တဲ့ ၅ လက သွင်းဂိုးတွေကြောင့် ၎င်းဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၅ ဦးထဲမှာ ပါဝင်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူကာကူဟာ ယင်းကစားသမား ၅ ဦးစာရင်းထဲက ကျန်တဲ့ကစားသမား ၄ ဦးက ဘယ်သူလဲဆိုတာ သတ်မှတ်ဖို့တော့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ၅ လမှာပေါ့။ ဟုတ်ပါတယ်။ ကျွန်တော် တစ်ကနေ ငါးအထိ အဲဒီအစုအဖွဲ့ကို မသတ်မှတ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်က အခုအချိန်မှာ အဲဒီအစုအဖွဲ့ထဲမှာ တစ်စိတ်တပိုင်းဖြစ်နေပါပြီ”လို့ Voetbal ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ ၂၀၂၀ ခုနှစ်ရဲ့ ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းအကောင်းဆုံးကစားသမားအဖြစ် သရဖူဆောင်းခဲ့ပြီး ချန်ပီယံလိဂ်မှာ ၄ ဂိုး၊ ယူရိုပါလိဂ်မှာ ၇ ဂိုးနဲ့ ဘယ်လ်ဂျီယံအသင်းနဲ့အတူ နေးရှင်းလိဂ်မှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။