တီမိုဝါနာ ဂိုးပေါက်ပြန်တွေ့အောင် ပင်နယ်တီသာကန်ခိုင်းတော့လို့ လမ်းပတ်ကို အလန်ရှီးယားရား အကြံပေး

ပရီးမီးယားလိဂ်ဂန္တဝင်တိုက်စစ်မှူး အလန်ရှီးယားရားက ဂိုးပေါက်ရှာတွေ့နိုင်ဖို့ ရုန်းကန်နေရတဲ့ ချယ်ဆီးတိုက်စစ်မှူး တီမိုဝါနာရဲ့ ကျိန်စာဆိုးကို ချေဖျက်နိုင်အောင် ပင်နယ်တီကန်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းကနေ ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာမန်တိုက်စစ်မှူး တီမိုဝါနာဟာ ချယ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ ဂိုးသွင်းယူပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး ဂိုးမသွင်းနိုင်တဲ့အချိန်ဟာ ၇၇၅ မိနစ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ် ပထမပိုင်းအပြီးမှာ တီမိုဝါနာဟာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် တနင်္လာနေ့ညနေမှာ အက်စ်တွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပွဲထွက်လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

ဝါနာဟာ ဂိုးပေါက်ပျောက်ဆုံးနေစဉ်အတွင်း ဂိုးပေါက်ပြန်လည်ရှာတွေ့နိုင်မယ့် ရွှေရောင်အခွင့်အရေးတွေကို လွဲချော်ခဲ့သူဖြစ်ပြီး အလန်ရှီးယားရားက ချယ်ဆီးအသင်း လာမယ့်ပွဲမှာ ပင်နယ်တီရရင် ကန်ခွင့်ပေးပြီး ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“သူ နည်းပြရဲ့အခန်းတံခါးကို ခေါက်ပြီး သူ ပွဲထွက်ပါဝင်ကစားခွင့်ရသင့်တယ်ဆိုတာကို မပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား သူ လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေကို ကြည့်လိုက်လေ။ သူ ပွဲထွက်ပါဝင်ခွင့်ရဖို့ မထိုက်တန်ပါဘူး”

“သမိုင်းကြောင်းတွေက ပြောနေတာက အဲဒါက အကြာကြီးဖြစ်နေမှာမဟုတ်ဘဲ ဂိုးမသွင်းဘဲလည်း နေလို့မရနိုင်ပါဘူး။ သူ့ရဲ့ ကံကြမ္မာရော၊ အသင်းရဲ့ကံကြမ္မာရောနဲ့ ဆိုင်ပါတယ်။ အဲဒါက ပြောင်းလဲပစ်ရမှာပါ”

“ကျွန်တော်သာ ဝါနာဆိုရင် ကျွန်တော် ချယ်ဆီးအသင်း ပင်နယ်တီ ရတဲ့အခါတိုင်း ဘောလုံးကို အတင်းဆွဲထားမှာပါ”

“အဲဒါက နောက်ထပ်တစ်ကြိမ် ဂိုးတွေ ပြန်သွင်းယူနိုင်ဖို့အတွက် အရမ်းကောင်းမွန်တဲ့ အခွင့်အရေးပါ။ ခင်ဗျားကို အဲဒါက ဘာဖြစ်စေလဲဆိုတာ အံ့အားသင့်ခဲ့မှာပါ။ ခင်ဗျား ပိုက်ကို ဘောလုံးထိတာကို မြင်ရတဲ့ ခံစားချက်ကပေါ့။ ခင်ဗျား ၂ ပေလောက် ချက်ချင်း အရပ်ရှည်ထွက်လာသလိုပဲ”လို့ ပြောကြားခဲ့ပါတယ်။