ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေပေမယ့် ဆက်ကစားသွားမယ့် ပရီးမီးယားလိဂ်

ယခုအပတ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာမှုကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲအထိ ရွှေ့ဆိုင်းခဲ့ရပေမယ့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ပြိုင်ပွဲကို ရပ်နားသွားဖို့အစီအစဉ်မရှိဘူးလို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က မန်စီးတီးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ပွဲစဉ်ဟာ ပွဲကစားဖို့ ၄ နာရီအလိုလောက်မှ မန်စီးတီးကစားသမားတွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပွဲကို ရွေ့ဆိုင်းခဲ့ရတာဖြစ်ပြီး ယမန်နေ့က ကစားဖို့ စီစဉ်ထားတဲ့ စပါးနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ပွဲစဉ်ဟာဆိုရင်လည်း ဖူလ်ဟမ်ကစားသမားအချို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာကြောင့် ပွဲကစားဖို့ ၃ နာရီခွဲ အလိုမှ ပွဲကို ရွေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ပရီးမီးယားလိဂ်မှာ တစ်ရက်တည်းမှာတင် စံချိန်တင် ကိုဗစ်ကူးစက်ခြင်းခံထားရသူ ၁၈ ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ရပြီး ဗြိတိန်နိုင်ငံတဝန်းမှာ ကိုဗစ်ကူးစက်ခံရနှုန်း ပြန်လည်မြင့်တက်လာပေမယ့် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက သတိကြီးကြီးထားပြီး ပြိုင်ပွဲကို ဆက်လုပ်သွားမှာဖြစ်တယ်လို ့ကြေညာခဲ့တာဖြစ်ပါတယ်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လက်ရှိအချိန်အထိ ပွဲစဉ် ၁၆ ပွဲအထိ ကစားပြီးနေပြီဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလီဗာပူးလ်အသင်းက ဦးဆောင်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းက တစ်ပွဲလျော့နဲ့ ၃ မှတ်အကွာ ဒုတိယနေရာကနေ လိုက်လံဖိအားပေးနေတာဖြစ်ပါတယ်။