ဒီယေဂိုကော်စတာနဲ့ ဆွေးနွေးနေတဲ့သတင်းတွေကို အတည်ပြုခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်တိုက်စစ်မှူးဟာ ယခုအပတ်အစောပိုင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် စျေးကွက်အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။ ကော်စတာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းက လူးဝစ္စဆွာရက်ဇ် ရောက်ရှိလာပြီးနောက်ပိုင်း ပွဲထွက်ခွင့်မရရှိတော့တာဖြစ်ပြီး ယခုရာသီမှာ အက်သလက်တီကိုအတွက် ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

စပိန်ကသတင်းတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် ချယ်ဆီးတိုက်စစ်မှူးဟောင်းရဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း The Athletic ရဲ့ သတင်းအရ အာဆင်နယ်အသင်းက သတင်းရင်းမြစ်တွေဟာ အသင်းက ကော်စတာကို ခေါ်ယူဖို့ ဝေးရော လက်ရှိအချိန်အထိတောင် ချဉ်းကပ်မှုတစ်ခုမှ ပြုလုပ်ခဲ့တာမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တကယ်လို့ ကော်စတာက ဘာစီလိုနာ၊ ဆီဗီလာ သို့မဟုတ် ချန်ပီယံလိဂ်မှာ ကစားနေတဲ့အသင်းတစ်သင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ယူရို ၁၅ သန်းရရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။