တစ်ဦးချင်းဆုတံဆိပ်တွေထက် ယူနိုက်တက်နဲ့ရမယ့်ဖလားတွေကို ပိုမက်တယ်ဆိုတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ အိုးထရက်ဖို့ဒ်မှာ ပထမဆုံးရာသီပြည့်ကစားရတဲ့နှစ်မှာပဲ ဆုဖလားရရှိဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ တစ်ဦးချင်းဆုတံဆိပ်တွေ ရရှိတာထက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားတွေကို ကိုင်မြှောက်ရတာက ပိုပြီး စိတ်ကျေနပ်မှုရရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းကနေ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက ပုံစံကောင်းတွေ ဆက်တိုက်ပြသနေတဲ့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ၄၅ ပွဲမှာ သွင်းဂိုး ၂၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခုရာသီမှာလည်း ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားတဲ့ ဖာနန်ဒက်စ်ဟာ ၂၀၀၈-၂၀၀၉ ရာသီတုန်းက ခရစ်စတီယာနိုရော်နယ်ဒိုနောက်ပိုင်း ပြိုင်ပွဲမှာ သွင်းဂိုး ကိန်းဂဏန်း ၂ လုံးအထိ ရောက်ရှိလာတဲ့ ပထမဆုံး ပေါ်တူဂီကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ကနေ ယနေ့အချိန်အထိ သွင်းဂိုး ၃၂ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်က ဘယ်ကစားသမားမျိုးထက်မဆို ပိုမိုများပြားတဲ့ပမာဏကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဆုဖလားတွေ ရရှိနိုင်မလားဆိုတာက အရေးအကြီးဆုံးအရာပါပဲ”

“ဟုတ်တာပေါ့။ ကစားသမားတစ်ယောက်အတွက် တစ်ဦးချင်းဆုတွေ ရရှိတာက ကောင်းပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ လိဂ်မှာ အကောင်းဆုံးကစားသမား ဒါမှမဟုတ် PFA ရဲ့တစ်ရာသီတာအကောင်းဆုံးကစားသမားမဖြစ်ချင်ဘူးလို့ မပြောခဲ့ပါဘူး”

“ကျွန်တော် အဲဒီလို ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အသင်းနဲ့ ဆုဖလား ရယူချင်ပါတယ်။ အသင်းသာ ဆုဖလားတွေ အနိုင်ရမယ်ဆိုရင် ကျွန်တော့်အတွက်တော့ အတူတူပဲဖြစ်ပါလိမ့်မယ်”

“ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက အသင်းဖော်တွေကိုလည်း တစ်ရာသီတာအကောင်းဆုံးကစားသမားဖြစ်လာအောင် ကူညီပေးဖိုု့ပါ။ ဒါက အရေးအကြီးဆုံးအရာပါ။ ဘာလို့လဲဆိုတော့ အသင်းက ကစားသမားတစ်ယောက်ယောက်က တစ်ရာသီတာအကောင်းဆုံးကစားသမားဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဒီရာသီမှာ အရမ်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ထွက်မှာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။