ရောင်းစားတော့မယ်ဆိုမှ လမ်းပတ်ကို ထကောင်းပြနေတဲ့ ဂီရော့ဒ်

ချယ်ဆီးတိုက်စစ်မှူး အိုလီဗီယာဂီရော့ဒ်ဟာ အင်္ဂါနေ့ညက ဆွီဒင်အသင်းကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပြီး နည်းပြလမ်းပတ်ကို ၎င်းရဲ့ဂိုးသွင်းစွမ်းရည်နဲ့ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းအတွက် ၄၃ ဂိုးနဲ့ ၄၄ ဂိုးမြောက်သွင်းဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပြင်သစ်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် သီယာရီအွန်နရီကို လိုက်မီဖို့အတွက် ၇ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။

ဂီရော့ဒ်ဟာ ပထမပိုင်းမှာ ပြင်းထန်အားပါတဲ့ကန်ချက်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျစေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ၅၉ မိနစ်မှာ ဘတ်ပီရဲ့ဖြတ်တင်ပေးပို့မှုကို အပိုင်ခေါင်းတိုက်သွင်းယူပြီး တတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။

ဂီရော့ဒ်ရဲ့ သွင်းဂိုး ၂ ဂိုးဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာရတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပြီးမှ ရရှိခဲ့တာဖြစ်ပြီး ပြင်သစ်သတင်းဌာန Telefoot ကတော့ ပြင်သစ်တိုက်စစ်မှူးဟာ လာမယ့်ဇန်နဝါရီမှာ ချယ်ဆီးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အတွေ့အကြုံရင့်တိုက်စစ်မှူးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၃၃ မိနစ်သာ ကစားရသေးသူဖြစ်ပြီး တီမိုဝါနာ၊ အေဘရာဟမ်တို့ကို ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။