အရှက်ရဖွယ်ရှုံးပွဲအပြီး ဂျာမနီအသင်းကို ဒဲ့ပဲပြောလိုက်တဲ့ အိုဇေးလ်

ဂျာမန်လက်ရွေးစင်ဟောင်း အိုဇေးလ်ဟာ စပိန်အသင်းကို နေးရှင်းလိဂ်ပွဲစဉ်မှာ ၆-၀ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်မှုကို တုံ့ပြန်ခဲ့ပြီး ဂျရုန်းဘိုတန်ကို ပြန်ခေါ်သင့်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဂျိုအာချင်လိုးရဲ့အသင်းဟာ အင်္ဂါနေ့ညမှာ ရက်ရက်စက်စက်ချေမှုန်းခြင်းခံခဲ့ရတာဖြစ်ပြီး ခံစစ်မှာ ဖရိုဖရဲဖြစ်နေတဲ့အပြင် ၀ါရင့်ဂိုးသမားကြီး နျူအာတောင် ပုံမှန်လက်စွမ်းမရခဲ့တာဖြစ်ပါတယ်။ နစ်ကလပ်စ်ဆူးနဲ့ ရော်ဘင်ကော့ချ်တို့ဟာ ခံစစ်မှာ ပွဲထွက်ပါဝင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဂျိုနသန်တာက နစ်ကလပ်ဆူးရဲ့နေရာမှာ လူစားဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အိုဇေးလ်ဟာ ခံစစ်ပိုင်းကို အထောက်အပံ့ဖြစ်စေမယ့် ရိုးရှင်းတဲ့နည်းလမ်းရှိနေတယ်လို့ ထင်မြင်နေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဝါရင့်နောက်ခံကစားသမား ဘိုတန်ကို ပြန်လည်ခေါ်ယူသင့်တယ်လို့ တွစ်တာလူမှုကွန်ရက်ကနေ ဂျာမနီအသင်းကို တိုက်ရိုက် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဂျရုန်းဘိုတန်ကို ပြန်ခေါ်ဖို့ အချိန်ကျပြီ”လို့ အိုဇေးလ်က ရေးသားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ၀ါရင့်ကစားသမား ၃ ဦးဖြစ်တဲ့ ဘိုတန်၊ မတ်ဟန်းမဲနဲ့ သောမတ်စ်မူလာတို့ဟာ လက်ရွေးစင်အသင်းအတွက် နောက်ထပ်ပါဝင်ကစားပေးတော့မှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ယင်းဝါရင့်ကစားသမား ၃ ဦးဟာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဂျာမနီအသင်းအတွက် ပါဝင်ကစားပေးခဲ့ကြသူတွေဖြစ်ပေမယ့် ဂျိုအာချင်လိုးက မျက်နှာသစ်ကစားသမားတွေကို အသုံးပြုဖို့အတွက် အချိန်ကျခဲ့ပြီလို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။