ချီးကျူးမယ်ကြံခါရှိသေး ထဖောက်လိုက်ပြန်တဲ့ ကာဗာနီ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ကာဗာနီဟာ အင်္ဂါနေ့ညက ဘရာဇီးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒုတိယပိုင်းမှာ အဲဗာတန်ကြယ်ပွင့် ရစ်ချာလီဆင်ကို ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် ကွင်းလယ်ဒိုင်ရော်ဘတ်တိုတိုဘာရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

တိုဘာဟာ ကွင်းဘေးစည်းက VAR ကို ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ကာဗာနီအနေနဲ့ တိုက်ရိုက်အနီကတ်နဲ့ ထိုက်တန်တဲ့ ဖျက်ထုတ်မှုကို ပြုလုပ်ခဲ့တာလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်မှာ ဥရုဂွေးအသင်းဟာ ပထမပိုင်းမှာ အာသာနဲ့ ရစ်ချာလီဆင်တို့ သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် ဘရာဇီးလ်ကို ၂-၀ နဲ့ ရှုံးနိမ့်နေပြီးဖြစ်ပြီး ကာဗာနီ ထုတ်ပယ်ခံရမှုက ဥရုဂွေးအသင်း ပြန်လာနိုင်မယ့်အခွင့်အရေးကို သတ်လိုက်သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

VAR နဲ့ ပြန်လည်ကြည့်ရှုစစ်ဆေးချိန်မှာ ဘောလုံးကို ဆွဲပြေးနေတဲ့ ရစ်ချာလီဆင်ရဲ့ ခြေချင်းဝတ်ကို ကာဗာနီက နင်းမိခဲ့တာကို မြင်တွေ့ခဲ့ရပြီး အဲဗာတန်ကြယ်ပွင့်ဟာ အတော်လေးပြင်းထန်တဲ့ဒဏ်ရာကြောင့် နာကျင်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကာဗာနီဟာ အနီကတ်ပြသခဲ့တဲ့ ကွင်းလယ်ဒိုင် တိုဘာရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အံ့အားသင့်ခဲ့ရပြီး ချီလီလူမျိုး ဒိုင်လူကြီးဟာ ကွင်းဘေးမော်နီတာကနေ ပြေးလာပြီးနောက် အိတ်ကပ်ထဲက အဝါကတ်ကို အရင်ဆုံးထုတ်ခဲ့တာကြောင့် အားလုံးက အနီကတ်ထက် အဝါကတ်ပြသခံရလိမ့်မယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။