ဆာလာကို မှားနေတယ်လို့ ပြောရမှာ ကြောက်နေတဲ့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း မီဒိုက အစ်ကိုဖြစ်သူရဲ့မင်္ဂလာဆောင်ကို သွားပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတဲ့ လီဗာပူးကြယ်ပွင့် ဆာလာနဲ့ပတ်သက်ပြီး တိတ်ဆိတ်နေမှုကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အီဂျစ်အသင်းဟာ နိုင်ငံတကာအားလပ်ရက်အတွင်း တိုဂိုအသင်းနဲ့ ၂ ကြိမ်အထိ ယှဉ်ပြိုင်ကစားခဲ့ရပြီး မိုဟာမက်ဆာလာက ယင်းပွဲစဉ် ၂ ပွဲစလုံးရဲ့ အီဂျစ်လူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းရဲ့အစ်ကို မင်္ဂလာဆောင်မှာ သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ခပ်ခွာခွာမနေခဲ့သလို နှာခေါင်းစည်းလည်း မတပ်ဘဲ ကနေခဲ့ကို မြင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ မိုဟာမက်ဆာလာဟာ ဒုတိယအကြိမ် စစ်ဆေးမှုမှာလည်း မအောင်မြင်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး ယခုအပတ် လက်စတာစီးတီးနဲ့ကစားရမယ့် လီဗာပူးအသင်းရဲ့ပွဲစဉ်ကို ကျိန်းသေလွဲချော်လုနီးပါး ဖြစ်နေပြီဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေချိန်မှာ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလာရဲ့ ကိုဗစ်-၁၉ ကူးစက်ခံထားရမှုကို ကြေညာခဲ့ပေမယ့် နောက်ထပ်တခြားမှတ်ချက်ပြုခဲ့ခြင်းမရှိတာကြောင့် လက်ရွေးစင်ဟောင်း မီဒိုက အဖွဲ့ချုပ်ရဲ့ တုံ့ပြန်မှုကင်းမဲ့ခြင်းကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

“လူ ၈၀၀ ကနေ ၉၀၀ လောက်အထိ ရှိတဲ့ အစ်ကိုရဲ့မင်္ဂလာဆောင်ကို ဆာလာ တက်ရောက်ခဲ့တာကို မမှားဘူးလို့ ထင်နေတဲ့သူများရှိလား။ ကိုရိုနာ ဖြစ်နေတဲ့အချိန်ကြီးမှာလေ။ အဲဒါက မမှားဘူးလား”

“သူ့အစ်ကိုမင်္ဂလာဆောင်ကို သူ့အနေနဲ့ အောင်ပွဲခံခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီကပ်ဆိုးဆိုက်နေတဲ့ကာလအတွင်းတော့ မဟုတ်ပါဘူး”

“သူ လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ အီဂျစ်ကိုလာတာဖြစ်ပြီး သူ့အစ်ကို မင်္ဂလာဆောင်ကို တက်ရောက်ဖို့ မဟုတ်ပါဘူး။ လူတွေက ဆာလာကို ချစ်ကြတယ်။ အဲဒါကို မင်္ဂလာဆောင်မှာ ခင်ဗျားလည်း မြင်တွေ့ခဲ့ရမှာပဲ။ လူရာပေါင်းများစွာက သူ့ကို အနမ်းတွေပေးပြီး ဓာတ်ပုံတွေရိုက်ခဲ့ကြပြီး အခု ဆာလာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တယ်”

“သူ့ လုပ်ရပ်က မှားနေတယ်လို့ ပြောတဲ့ အဖွဲ့ချုပ်က တစ်ယောက်ယောက်များရှိလား။ အကြောက်တရားက အရမ်းကို ကြီးမားလွန်းတယ်။ ခင်ဗျား ဒီအတိုင်းသာ လွှတ်ပေးထားလိုက်ရင် သင်္ဘောကြီးက စုံးစုံးမြုပ်လိမ့်မယ်။ ခင်ဗျားနဲ့အတူ လိုက်စီးနေတဲ့ လူတွေအားလုံးရောပဲ။ ကျွန်တော်တို့မှာ တာဝန်ရှိတယ်”လို့ ပြောကြားခဲ့ပါတယ်။