ဒေဝါလီမခံရအောင် ကူညီပေးခဲ့တဲ့ ရေခဲပြင်ဟော်ကီကလပ်နဲ့တရားဝင်ပူးပေါင်းခဲ့တဲ့ ပိုဒေါစကီး

အာဆင်နယ်တိုက်စစ်မှူးဟောင်း လူးကပ်စ်ပိုဒေါစကီးဟာ မကြာသေးမီက ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့ ဒေသတွင်းရေခဲပြင်ဟော်ကီအသင်းကို ကူညီပေးခဲ့ပြီးနောက် လက်ရှိမှာတော့ ကစားသမားအဖြစ် တရားဝင်ပူးပေါင်းခဲ့ပြီလို့ Givemesport က ဖော်ပြခဲ့ပါတယ်။

ထိပ်တန်းအဆင့်အားကစားသမားတွေအတွက်ကတော့ အခြားအားကစားတွေမှာလည်း ပါရမီမြင့်မားစွာရှိနေတာက သိပ်တော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်က ပီတာချက်ဟာ ဗြိတိန်ရေခဲပြင်ဟော်ကီအသင်းဖြစ်တဲ့ ဂေးဖို့ဒ်ဖီးနစ်အသင်းနဲ့ ပူးပေါင်းခဲ့ပြီး အန်ဒရီဗီလက်စ်ဘိုအက်စ်ကလည်း နည်းပြနေရင်းတန်းလန်းနဲ့ ကားမောင်းပြိုင်ပွဲဝင်ခဲ့ပါသေးတယ်။ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟောင်းကလည်း ၎င်းရဲ့ ခြေစွမ်းတိုးတက်နေဆဲကာလကတည်းက ရေခဲပြင်ဟော်ကီကစားသမားဖြစ်ချင်ခဲ့မယ်ဆိုလို့ ယူဆနိုင်ပါတယ်။

အမှန်တကယ်တော့ အသက် ၃၅ နှစ်အရွယ်ကစားသမားဟာ မကြာသေးမီက ၎င်းရဲ့ဒေသတွင်းရေခဲပြင်ဟော်ကီအသင်းကို ဒေဝါလီမခံရအောင် ကယ်တင်ပေးခဲ့တာဖြစ်ပြီး ကိုနာဟေးလို့အမည်ရတဲ့အသင်းဟာ ဂျာမနီရဲ့အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ကြောင့် ဘဏ္ဍာရေးအကြပ်အတည်းတွေကို ခံစားခဲ့ရတာဖြစ်ပါတယ်။

အသင်းရဲ့ဘဏ္ဍာရေးကြပ်တည်းနေချိန်မှာ ပိုဒေါစကီးက အသင်းပရိသတ်တွေကို ၂၀၂၀-၂၀၂၁ ရာသီမတိုင်မီ အွန်လိုင်းကနေလက်မှတ်စောင်ရေ ၁ သိန်းအထိဝယ်ယူမယ်ဆိုရင် အသင်းနဲ့စာချုပ်ချုပ်ဆိုမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပဲ လက်မှတ်စောင်ရေ ၁ သိန်းအထိ ရောင်းချခဲ့ရပြီး လက်ရှိမှာတော့ ပိုဒေါစကီးဟာ ဘောလုံးကစားရင်း ရေခဲပြင်ဟော်ကီကစားသမားဘဝနဲ့ ဟန်ချက်ညီအောင် နည်းလမ်းရှာဖွေရတော့မှာဖြစ်ပါတယ်။ ပိုဒေါစကီးဟာ ဂျေလိဂ်အသင်းဖြစ်တဲ့ ဗစ်ဆယ်ကိုဘေးမှာ ၂ နှစ်ခွဲကစားခဲ့ပြီးနောက် ၂၀၂၀ ဇန်နဝါရီမှာ အန်တာရေစပေါ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ယခုရာသီ တူရကီလိဂ်မှာ ၈ ပွဲကစားထားရာမှာ သွင်းဂိုး ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိုနာဟေးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ပို့စ်မှာ ပိုဒေါစကီးက လက်မှတ်စောင်ရေ ၁ သိန်းအထိ ရောက်ရှိအောင် ရောင်းချနိုင်ခဲ့တဲ့အတွက် စိတ်ကျေနပ်ဝမ်းမြောက်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

“ကျွန်တော် ကိုနာဟေးအတွက် အလွန်အမင်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ လက်မှတ်အစောင်ရေ ၁ သိန်းရောင်းချနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ကို ကူညီပေးခဲ့တဲ့ လူတွေနဲ့ အပေါင်းအသင်းတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”

“အရာအားလုံး နည်းနည်းပိုပြီး တည်ငြိမ်လာတဲ့အခါကျရင် ကျွန်တော်တို့ ဒီဟာကို ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ အသင်းနဲ့ အတူတူထိုင်ပြီး ဆွေးနွေးသွားမှာပါ။ အဲဒီလိုဆိုရင် ဘယ်လိုပုံပဲ ပေါက်နေပါစေ ကျွန်တော် ကိုနာဟေးကစားသမားဖြစ်လာဖို့အတွက် စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။