လေ့ကျင့်ရေးကွင်းမှာ ဒေးဗစ်လုဇ် ဆီဘယ်လော့စ်နှာခေါင်းကို တကယ်ထိုးခဲ့တာလား

အာဆင်နယ်ကွင်းလယ်ကစားသမား ဒါနီဆီဘယ်လော့စ်ဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော် ဒေးဗစ်လုဇ်နဲ့ ရန်ဖြစ်ခဲ့ချိန်မှာ နှာခေါင်းကို အထိုးခံခဲ့ရတယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့ပါတယ်။

ဒေးဗစ်လုဇ်နဲ့ ဆီဘယ်လော့စ်တို့ဟာ နိုင်ငံတကာအားလပ်ရက်အတွင်း အာဆင်နယ်အသင်းမှာ နေခဲ့ကြသူတွေဖြစ်ပြီး သောကြာနေ့က လေ့ကျင့်ရေးပွဲစဉ်မှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ဆီဘယ်လော့စ်ဟာ ဒေးဗစ်လုဇ်ကို ပြင်းထန်တဲ့ဖျက်ထုတ်မှုပြုလုပ်ခဲ့ပြီးနောက် ဘရာဇီးလ်နောက်ခံကစားသမားက ရီးရဲမက်ဒရစ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ကစားသမား မျက်နှာကို ပြန်ထိုးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အသက် ၂၄ နှစ်အရွယ်ကစားသမားက တွစ်တာမှာ ယင်းသတင်းတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေးဗစ်လုဇ်ရဲ့ မျက်နှာက သွေးစို့နေတဲ့ ကုတ်ခြစ်ဒဏ်ရာကလည်း အတုသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နည်းပြအာတီတာနဲ့ အခြားနည်းပြအဖွဲ့ဝင်တွေဟာ ဒေးဗစ်လုဇ်နဲ့ ဆီဘယ်လော့စ်တို့ကို ကြားဝင်ဖျန်ဖြေပြီး လူစုခွဲပေးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်မီ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စ်တွန်ဗီလာအသင်းကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အသင်းသားတွေကြားမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့တယ်လို့ ကောလာဟလတွေက ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဆီဘယ်လော့စ်ဟာ ယခုရာသီမှာ အသင်းဖော် လူငယ်တိုက်စစ်မှူး အန်ခီတီရာနဲ့ ဖြစ်ပွားခဲ့တဲ့ အသေးစားခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ ဒေးဗစ်လုဇ်နဲ့သတင်းတွေကတော့ အတုသာဖြစ်တယ်လို့ ဖြေရှင်းခဲ့တာဖြစ်ပါတယ်။