PS5 ထွက်ထွက်ချင်း အေစီအသင်းဖော်တွေကို လက်ဆောင်ပေးခဲ့တဲ့ နတ်ဘုရားကြီး

အေစီမီလန်ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဘရာဟီမိုဗစ်ဟာ Playstation 5 ဥရောပမှာ စတင်ရောင်းချတဲ့နေ့မှာပဲ ၎င်းရဲ့ အေစီမီလန်အသင်းဖော်တွေကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Sony က ၎င်းတို့ရဲ့ နောက်ဆုံးပေါ်ဂိမ်းစက်ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး တော်တော်လေးကို ရောင်းကောင်းခဲ့ပုံရပါတယ်။ ဥရောပတလွှားက စတိုးဆိုင်အများစုမှာ PS5 ဂိမ်းစက်တွေ ရောင်းကုန်သွားခဲ့ပြီဖြစ်ပြီး အီဘရာဟီမိုဗစ်က ၎င်းရဲ့ အပြုအမူနဲ့ ဆန်စီရိုက အသင်းဖော်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။

မက်တီအိုမူဆာချီယို၊ ဆာမူကတ်စ်တီလီဟို၊ ရာဖေးလ်လီအိုတို့အားလုံးဟာ ၎င်းတို့ရဲ့ PS5 ဂိမ်းစက်အသစ်ကို အင်စတာဂရမ်မှာ တင်ခဲ့ကြပြီး အသက် ၃၉ နှစ်အရွယ်ကစားသမားကို ကျေးဇူးတင်စကားပြောခဲ့ကြတာဖြစ်ပါတယ်။

မူဆာချီယိုနဲ့ ကတ်စ်တီလီဟိုတို့ဟာ သာမန်အတိုင်းပဲ အီတလီဘာသာနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့ကြပေမယ့် ရာဖေးလ်လီအိုကတော့ ‘လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် GOAT’လို့ ထူးထူးခြားခြား ပြောကြားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ အီဘရာဟီမိုဗစ်ရဲ့ အပြုအမူကို တုံ့ပြန်ခဲ့ကြပြီး ခရစ်စမတ်ရောက်ဖို့ ၁ လကျော်အလိုကာလမှာ လက်ဆောင်ပေးခဲ့တဲ့ အီဘရာဟီမိုဗစ်ကို ဇန်တာကလော့စ်လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။