မက်ဆီကြောင့် ပရိသတ်တွေနဲ့ လေ့ကျင့်ရေးကွင်းကအပြန်မှာ ထိပ်တိုက်တွေ့ခဲ့တဲ့ ဂရစ်ဇ်မန်း

ဘာစီလိုနာတိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီအပေါ်မှာ လေးစားမှုမပြသဘူးလို့ ယုံကြည်နေတဲ့ ပရိသတ်တွေနဲ့ လေ့ကျင့်ရေးကအပြန်မှာ ထိပ်တိုက်တွေ့ဆုံခဲ့တယ်လို့ Givemesport က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာပရိသတ်တွေကြားမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီမှာ ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ခဲ့တဲ့အချိန်မှာ အကောင်းမြင်မှုတွေ များစွာရှိနေခဲ့တာဖြစ်ပြီး ယူရိုသန်း ၁၂၀ တန် ပြင်သစ်ကစားသမားဟာ အားလုံးမျှော်မှန်းထားတဲ့အတိုင်း ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ လာလီဂါသွင်းဂိုး ၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း အဖွင့်ပွဲစဉ် ၇ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂရစ်ဇ်မန်းကို ကွင်းတွင်းစွမ်းဆောင်ရည်တင်မကဘဲ အခြားပြောစရာရှိနေတာက ပြီးခဲ့တဲ့နှစ်မှာ မက်ဆီနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့တယ်လို့ သတင်းဌာန အများအပြားက ဖော်ပြခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက ဂရစ်ဇ်မန်းရဲ့ဦးလေးဖြစ်သူ အီမန်နျူရယ်လိုပက်စ် ပြောကြားခဲ့တဲ့ မှတ်ချက်စကားကြောင့် နောက်ထပ်တစ်ကြိမ် မက်ဆီနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်မှုတွေက မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

“ဂရစ်ဇ်မန်းက သူ ပထမဆုံး ၆ လမှာတော့ အောင်မြင်မှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့ပေမယ့် တစ်နှစ်လုံး မအောင်မမြင်ဖြစ်ခဲ့လိမ့်မယ်လို့ ကျွန်တော် မမျှော်မှန်းခဲ့ပါဘူး”

“ဒါ့အပြင် မက်ဆီနဲ့ရော အသင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် သိပါတယ်။ အဲဒါက မလွယ်ကူပါဘူး”

“ပုံမှန်အားဖြင့် မက်ဆီက ဘာကာမှာ အလုပ်ကြိုးစားသင့်သလောက် မကြိုးစားပါဘူး။ လေ့ကျင့်ရေးအစီအစဉ်တွေကလည်း လူအချို့ကို စိတ်ကျေနပ်စေဖို့အတွက် လုပ်ပြနေကြတာပါ။ အဲဒီတော့ ခင်ဗျား အလုပ်မကြိုးစားချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်”လို့ El Chiringuito ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မက်ဆီပရိသတ်တွေဟာ ဂရစ်ဇ်မန်းအပေါ် ၎င်းတို့ရဲ့ ဒေါသတွေကို ပုံချလိုက်ပြီဖြစ်ပြီး ပရိသတ်အချို့ဟာ လေ့ကျင့်ရေးစခန်းအပြင်ဘက်မှာ သွားရောက်စောင့်ဆိုင်းပြီး အာဂျင်တီးနားကြယ်ပွင့်အပေါ် လေးစားမှုပြသဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းရဲ့အေးဂျင့်ဟောင်းဖြစ်တဲ့ အဲရစ်အော်ဟတ်ကလည်း မကြာသေးမီက မက်ဆီနဲ့ပတ်သက်ပြီး မကောင်းမြင်တဲ့ဘက်ကနေ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဂရစ်ဇ်မန်းက အရာအားလုံးအပေါ်မှာ မက်ဆီရဲ့အမြင်အတိုင်းပဲထားတဲ့ ရုန်းကန်နေရတဲ့အသင်းကို ရောက်ရှိခဲ့တာပါ။ သူက တစ်ချိန်တည်းမှာပဲ အင်ပါယာဖြစ်သလို ဘုရင်လည်း ဖြစ်ပါတယ်။ သူက ဂရစ်ဇ်မန်းရောက်ရှိလာမှုကို ကောင်းမွန်တဲ့မျက်စိနဲ့ မကြည့်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ စိတ်ထားက ကျက်သရေကင်းမဲ့ခဲ့ပြီး ဂရစ်ဇ်မန်းကို အဲဒီလိုခံစားရအောင် လုပ်ခဲ့ပါတယ်။ အဲဒါက အကြမ်းဖက်တဲ့အာဏာရှင်ပါ။ ခင်ဗျား သူနဲ့အတူတူရှိနေရင်ရော သူ့ကို ဆန့်ကျင်ရင်ပါ အဲဒီအတိုင်းပါပဲ”

“သူက ကွင်းထဲမှာ ကောင်းသလောက် ဆိုးလည်း ဆိုးပါတယ်။ ဘာစီလိုနာအသင်းက အချိန်ခဏလောက်တော့ ခံစားခဲ့ရမှာပါ။ အသင်းထဲမှာ ကင်ဆာလိုမျိုး ဖြစ်နေပြီး အဲဒါက အမာရွတ်အချို့ကို ချန်ရစ်ခဲ့တယ်ဆိုတာ သိသာပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။