ဒုတိယပိုင်းမှ ဝင်ကစားပြီး ဘတ်ပီနဲ့နေမာကို သမ္ဘာဆိုတာဘာလဲ ပြသသွားခဲ့တဲ့ ဖာဘရီဂတ်စ်

မိုနာကိုဝါရင့်ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ ပီအက်စ်ဂျီအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၃-၂ နဲ့ ပြန်လည်အနိုင်ရရှိအောင် မိုနာကိုအသင်းကို အံ့အားသင့်ဖွယ်ကူညီပေးနိုင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်ကွင်းလယ်ကစားသမားဟာ သောကြာနေ့က ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မိုနာကိုအသင်းအတွက် ဂိုးဖန်တီးမှုရော အနိုင်ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပထမပိုင်းမှာ ဘတ်ပီရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ အနိုင်ရရှိနေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် တတိယမြောက်ဂိုး ရရှိဖို့က ခက်ခဲခဲ့ပြိး မွိုက်ကီးန်နဲ့ ဘတ်ပီတို့ရဲ့ သွင်းဂိုးတွေကို VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရတာဖြစ်ပါတယ်။ မိုနာကိုအသင်းနည်းပြ နီကိုကိုဗတ်က ဒုတိယပိုင်းမှာ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး လူစားဝင်လာတဲ့ ဖာဘရီဂတ်စ်က အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့အတူ ပွဲကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

၅၂ မိနစ်မှာ ကီဗင်ဗော်လန်က မိုနာကိုအသင်းအတွက် ပထမချေပဂိုးကို သွင်းယူပေးခဲ့ပြီး သိပ်မကြာမီမှာပဲ ဖာဘရီဂတ်စ်ရဲ့ ပေးပို့မှုကနေတဆင့် တစ်ဖက် ၂ ဂိုးစီ ညီမျှစေမယ့် ချေပဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းဟာ ၈၄ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကနေတဆင့် မိုနာအသင်းအတွက် အဖိုးတန်အနိုင် ၃ မှတ်ရရှိစေမယ့် အနိုင်ဂိုးကို အမှားအယွင်းမရှိကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။