အသင်းဟောင်းနဲ့သတင်းထွက်နေတဲ့ ရော်နယ်ဒိုရဲ့အနာဂတ်ကို အတည်ပြုခဲ့တဲ့ ဂျူဗီ

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ အသင်းဟောင်း ရီးရဲမက်ဒရစ်အသင်းကို အံ့အားသင့်ဖွယ် ပြန်သွားဖို့ မကြာသေးမီက သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့်လည်း ဂျူဗင်တပ်ဒါရိုက်တာ ပရာတီစီက ရော်နယ်ဒိုရဲ့ အနာဂတ်ကို အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘာနေဗျူးမှာ ဆုဖလား ၉ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် စီးရီးအေမှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၈ နွေရာသီမှာ ရီးရဲမက်ဒရစ်ကို စွန့်ခွာခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့ ပထမဆုံး ၂ ရာသီမှာပဲ စီးရီးအေဖလားကို ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၉၄ ပွဲမှာ ၇၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်ကြယ်ပွင့်ကစားသမားပါဝင်နေပေမယ့်လည်း ပြည်တွင်းအောင်မြင်မှုအတိုင်း ဥရောပအောင်မြင်မှုရရှိအောင် လုပ်ပြနိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး နည်းပြ အယ်လီဂရီရော ဆာရီပါ ဥရောပမှာ ၂၅ နှစ်ကြာ အောင်မြင်မှုနဲ့ဝေးကွာနေတဲ့ ကျိန်စာဆိုးကို ချိုးဖျက်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အီတလီက မီဒီယာတွေရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမားတွေရဲ့လစာကို ဖြတ်တောက်ဖို့ကြိုးပမ်းတဲ့အသင်းရဲ့ အားထုတ်မှုကို စိတ်ပျက်ခဲ့ပြီး ရီးရဲမက်ဒရစ်ဥက္ကဌ ပီးရက်ဇ်နဲ့ ချောမွေ့တဲ့ဆက်ဆံရေးရရှိအောင် ကြိုးပမ်းပြီး အနာဂတ်မှာ ပြန်လာနိုင်တယ်လို့ တံခါးဖွင့်ထားကြောင်း သိရပါတယ်။

“ကျွန်တော် ခင်ဗျားကို ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဂျူဗင်တပ်မှာပဲရှိမယ်ဆိုတာ ထပ်ပြီး အာမခံနိုင်ပါတယ်”

“အပြောင်းအရွှေ့ကောလာဟလတွေကို ကျွန်တော်တို့ အများကြီး အာရုံမထားပါဘူး။ နေ့တိုင်း သတင်းတွေအများကြီး ထွက်နေတာပဲ”လို့ ပြောကြားခဲ့ပါတယ်။