မန်စီးတီးကြယ်ပွင့် ၂ ဦးကို ပွဲပြီးခါနီးမှာ အရုပ်လေးလို ကစားခဲ့တဲ့ ကိန်း

တော့တင်ဟမ်ဟော့စပါးအသင်းက မန်ချက်စတာစီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ၈၇ မိနစ်မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက မန်စီးတီးကြယ်ပွင့်တွေဖြစ်တဲ့ ရိုဒရီနဲ့ ရူဘင်ဒိုင်ယက်စ်တို့ကို အရုပ်လေးလို ဆော့ကစားခဲ့ပါတယ်။

အခုစာကိုရေးနေတဲ့အချိန်မှာ မြောက်လန်ဒန်အသင်းဟာ မန်ချက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီဖြစ်ပြီး ဆွန်ဟောင်မင်၊ လိုဆယ်ဆိုတို့ရဲ့ ဂိုးတွေက မော်ရင်ဟိုရဲ့စပါးကို အနိုင်သေချာစေခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကလည်း လက်ရှိမှာ ၎င်းရဲ့ကစားသမားဘဝရဲ့အကောင်းဆုံးဘောလုံးကို ကစားနေတာဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့ အစီအစဉ်အတွင်းမှာ False နံပါတ် ၁၀(ကွင်းလယ်ဖန်တီးရှင်) အဖြစ် ကစားပေးနေတာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ယမန်နေ့ညနေက လိုဆယ်ဆိုရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲ ပါဝင်ကစားပေးထားရမှာ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုးသွင်းယူထားပြီး လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ရတဲ့အထဲမှာ အဲဒီကိန်းဂဏန်းတွေက အဓိကအကြောင်းအရင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဘောလုံးကိုင်ကစားခြင်းနဲ့ နေရာယူရမယ့်နေရာကို အလိုအလျောက်သိမှုတို့မှာ ဟယ်ရီကိန်းက ကမ​္ဘာပေါ်က အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် သူ့ရဲ့ အလိမ်အခေါက်စွမ်းရည်ကတော့ အမှန်တကယ်ကို လျှော့တွက်ခံထားရတာဖြစ်ပါတယ်။ ဟယ်ရီကိန်းက ယမန်နေ့က မန်ချက်စတာစီးတီးနဲ့ပွဲစဉ် ၈၇ မိနစ်မှာ အလိမ်အခေါက်မှာလည်း ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ကြောင်းကို ရိုဒရီနဲ့ ရူဘင်ဒီယက်စ်တို့ ၂ ဦးကို လှည့်ထွက်ပြရင်း သက်သေပြသသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီနဗီးက အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးကို မန်စီးတီးနဲ့ပွဲစဉ်မှာ ဇီဒန်းနဲ့ တူတယ်လို့ နှိုင်းယှဉ်ခဲ့လဲဆိုတာ အကြောင်းပြချက်ရှိခဲ့ပါတယ်။

“ဒီလိုပြောလို့ ကျွန်တော် အလှောင်ခံရလိမ့်မယ်။ ဒါပေမယ့် သူ ဘောလုံးရတဲ့အချိန်မှာ ဇီဒန်းနဲ့ နည်းနည်းတူနေတာလေးရှိတယ်။ သူ လူကာတာနဲ့ ဘောလုံးကို ထိန်းသိမ်းတဲ့ပုံစံပေါ့။ အဲဒါက ရုပ်ပိုင်းဆိုင်ရာ၊ ဘောလုံးကို ထိတွေ့မှု၊ အကာအကွယ်ပေးနိုင်မှုဖြစ်ပြီး ခင်ဗျား အဲဒီလောက်နီးနီး ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။