တူဖြစ်သူကို ယုံကြည်ခဲ့မိလို့ ပေါင် ၁၂၅၀၀ ရရှိခဲ့တဲ့ ဒင်းဟန်ဒါဆင်ရဲ့ဦးလေး

ဒင်းဟန်ဒါဆင်ရဲ့ ဦးလေးဟာ တူဖြစ်သူက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ပေါင် ၁၂၅၀၀ ရရှိတော့မယ်လို့ သိရပါတယ်။

ဂရင်စ်ဘီမှာ နေထိုင်နေတဲ့ မာတင်ပလန်းကတ်ဟာ ဒင်းဟန်ဒါဆင် အသက် ၁၄ နှစ်အရွယ် ကာလစ်စ်လေယူနိုက်တက်လူငယ်အကယ်ဒမီမှာ ကစားနေခဲ့တဲ့အချိန်တုန်းက တစ်နေ့ကျရင် လက်ရွေးစင်အသင်းအတွက် ကစားပေးရလိမ့်မယ်လို့ ထောက်ခံအားပေးခဲ့တာဖြစ်ပါတယ်။

ဝီလီယံဟေးလ်က ၅၀၀ လေး ၁ လေး လောင်းကြေးဖွင့်ခဲ့ရာမှာ မာတင်က ၂၅ ပေါင် လောင်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဟန်ဒါဆင်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က အိုင်ယာလန်နဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ပထမဦးဆုံးပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာကြောင့် လောင်းကြေးအနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။

ဟန်ဒါဆင်ရဲ့မိခင်နဲ့ အဖွားတို့ကလည်း မန်ချက်စတာယူနိုက်တက်ကို ဟန်ဒါဆင်ပြောင်းရွှေ့ပြီးနောက်ပိုင်း ၅၀ လေး ၁ လေးအထိ လောင်းကြေးကျသွားချိန်မှာ လောင်းခဲ့တာကြောင့် ပေါင် ၂၅၀၀ စီ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

“ကျွန်တော် လောင်းကြေးအကြောင်း ဒင်းကို မပြောခဲ့ပါဘူး။ ဒါပေမယ့် သူက ပြီးခဲ့တဲ့ကြာသပတေးနေ့ပွဲအပြီးမှာ သူ့အမေကို ‘ကျွန်တော်တို့အားလုံး ပိုက်ဆံရခဲ့ကြတယ်မလား’လို့ စာပို့ပြီး မေးခဲ့ပါတယ်”

“ကျွန်တော်တို့ ပိုက်ဆံမရသေးဘူးဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ အဲဒါကို စောင့်ဆိုင်းနေတယ်လို့ ပြောတာပါ။ သူက အဲဒါနဲ့ပတ်သက်ပြီး ပျော်ရွှင်နေတာပါ”

“ကျွန်တော်တို့ ဝီလီယံဟေးလ်ဆီကနေ လောင်းကြေး ရမယ်ဆိုတဲ့ အတည်ပြုချက်ရရှိခဲ့တယ်လို့ သူ့ကို ပြောပြခဲ့ပါတယ်။ အဲဒီတော့ ဟုတ်ပါတယ်။ သူ ကျွန်တော်တို့အတွက် ပျော်ရွှင်နေပါတယ်။ သူက လူကောင်းလေးပါ။ အဲဒါနဲ့ သူ ထိုက်တန်ပါတယ်”

“သူ့အကြောင်းသိတဲ့ လူတိုင်းနဲ့ ခင်ဗျား စကားပြောဖူးရင် သူက ထိပ်ဆုံးထိ ရောက်လိမ့်မယ်လို့ပဲ ပြောကြပါလိမ့်မယ်”

“အဲဒီတော့ ခင်ဗျားဆိုရင်လည်း နည်းနည်းတော့ လောင်းမိမှာပဲမဟုတ်လား။ ပြောရမယ်ဆိုရင် ဝီလီယံဟေးလ်တစ်ယောက်ပဲ အဲဒီလောင်းကြေးကို လက်ခံပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။