ဖာမီနိုအတွက် တစ်သင်းလုံး ပြေးလာပြီး အောင်ပွဲခံခဲ့တဲ့ အသင်းဖော်များ

လီဗာပူးကစားသမားတွေဟာ တနင်္ဂနွေနေ့က လက်စတာစီးတီးကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ဖာမီနိုနဲ့အတူ အောင်ပွဲခံဖို့အတွက် ပြေးလာခဲ့ကြပါတယ်။

လီဗာပူးအသင်းဟာ အဓိကကစားသမားတွေအများအပြားမပါဝင်တဲ့ ပွဲထွက် ၁၁ ဦးစာရင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပေမယ့် အန်းဖီးမှာ အနိုင်ရလဒ် ရရှိအောင်တော့ စွမ်းဆောင်နိုင်ဆဲဖြစ်ပါတယ်။ နည်းပြယာဂင်ကလော့ပ်ကို စိတ်ကျေနပ်စေခဲ့တဲ့အရာကတော့ ဖာမီနို ဂိုးသွင်းယူလိုက်တဲ့အချိန်မှာ ပြသခဲ့ကြတဲ့ အသင်းအဖွဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။

ဖာမီနိုဟာ ဂျိမ်းစ်မီလ်နာ ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး တစ်သင်းစလုံးက ၎င်းရဲ့နောက်ကို လိုက်လာပြီး ဝိုင်းဝန်းပွေ့ဖက်အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ အိမ်ကွင်းသွင်းဂိုး ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေဟာ စိတ်ရှည်သည်းခံနိုင်စွမ်းမရှိတော့တာကြောင့် ဂျိုတာကို ဦးစားပေးပွဲထွက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။