၂၀၁၀ တုန်းက ဖာဂူဆန် အဆွဲကောင်းလို့ ဘာကာမရောက်ခဲ့တဲ့ ၀ိန်းရူနီ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်း ၀ိန်းရူနီဟာ ၂၀၁၀ ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးသူဖြစ်ပါတယ်။

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ၀ိန်းရူနီဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ပြုလုပ်ခွင့်တောင်းခံခဲ့တာဖြစ်ပြီး ဥရောပထိပ်သီးအသင်းတွေက ၀ိန်းရူနီကို ခေါ်ယူဖို့အတွက် တန်းစီစောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ ၀ိန်းရူနီဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ၂၀၁၇ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရှုပ်ထွေးပွေလီတဲ့ ၂၀၁၀ ခုနှစ်အတွင်း အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၀ိန်းရူနီဟာ ယူနိုက်တက်ကို စွန့်ခွာဖို့ အရမ်းနီးစပ်ခဲ့ပြီး အသင်း ၃ သင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါဘီကောင်တီယာယီနည်းပြ ၀ိန်းရူနီဟာ ဘာစီလိုနာအသင်းက အပြောင်းရွှေ့ချင်ဆုံးအသင်းဖြစ်ခဲ့ပြီး ၎င်းရဲ့ဆန္ဒသာ ခွင့်ပြုခံခဲ့ရရင် ဘောလုံးသမိုင်းမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်ခဲ့လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ချယ်ဆီးနဲ့ မော်ရင်ဟိုက ကျွန်တော့်ကို ခေါ်ယူချင်ခဲ့တယ်ဆိုတဲ့အကြောင်းကို မှတ်တမ်းတွေ ရှိခဲ့မယ်လို့ ထင်ပါတယ်”

“ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ မန်ချက်စတာစီးတီးတို့ကလည်း ကျွန်တော့်ကို ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့ပေမယ့် ဘယ်တုန်းကမှ အဲဒီကိုသွားဖို့အတွက် ရွေးချယ်စရာမရှိခဲ့ပါဘူး။ အဲဒီအသင်းတွေနဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်းပဲ တခြား ၃ သင်းက တကယ်ကို ပိုပြီး လက်တွေ့ကျတဲ့ရွေးချယ်စရာတွေဖြစ်ခဲ့ပါတယ်”

“အဲဒီအချိန် ကျွန်တော့်ခေါင်းထဲမှာ ၂ ရက်ဆိုတဲ့ အချိန်အပိုင်းအခြားအတွင်း ကျွန်တော် စပိန်မှာ သွားကစားဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ကျွန်တော် ဘာစီလိုနာအသင်းကို တကယ်သွားချင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းထက် ရီးရဲမက်ဒရစ်အသင်းဖြစ်ဖို့ ပိုများနေခဲ့ပုံပေါ်ပါတယ်။ ချယ်ဆီးအသင်းနဲ့ကလည်း အမြဲတမ်း သတင်းတွေထွက်နေခဲ့ပါတယ်”

“အဲဒီအချိန်မှာ ကျွန်တော် ပြောင်းချင်တဲ့အသင်းတွေက ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့လိုအသင်းတွေဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်နဲ့ သူတို့ကြား ဒါမှမဟုတ် ကျွန်တော့်ကိုယ်စားလှယ်တွေနဲ့ အသင်းကြား ဆက်သွယ်ပြောဆိုမှုတွေ ၂ ရက်၊ ၃ ရက်လောက်ရှိခဲ့ပါတယ်”

“တစ်ရက်လောက် ကျွန်တော် ထိုင်ပြီး စဉ်းစားနေခဲ့တာ သတိရသေးတယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ၊ ဘတ်စ်ကွက်တို့နဲ့ကစားဖို့ကို စိတ်ကူးကြည့်မိနေတာပေါ့။ အဲဒီအချိန်မှာ မက်ဆီက အခု သူ ကစားနေတဲ့ပုံစံအတိုင်း မကစားခဲ့ပါဘူး။ အခုကတော့ သူက ကျောနံပါတ် ၉ အဖြစ်နဲ့ အခါအားလျော်စွာ ကစားနေပါတယ်။ သူက တောင်ပံကစားသမားအဖြစ်နဲ့ အဲဒီတုန်းက ကစားနေခဲ့တာပါ”

“ကျွန်တော်တွေးနေခဲ့တာက ကျွန်တော့်အနေနဲ့ လုံးဝ အံဝင်ခွင်ကျဖြစ်လိမ့်မယ်ဆိုပြီးပေါ့။ ကျွန်တော် ဘောလုံးနောက်ကိုလည်း လိုက်လို့ရသလို အနောက်မှာလည်း ပြေးလွှားနေတဲ့ ကစားသမားတွေလည်း ရှိမှာပါ”လို့ ပြောကြားခဲ့ပါတယ်။