ရော်နယ်ကိုးမန်းရဲ့ချန်ပီယံလိဂ်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတဲ့ မက်ဆီ

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဒိုင်နမိုကိဗ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ဘာစီလိုနာအသင်းလူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတယ်လို့ နည်းပြရော်နယ်ကိုးမန်းက အတည်ပြုပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယနေ့ညမှာ ယူကရိန်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လက်ရှိမှာ ရမှတ် ၉ မှတ်နဲ့ အုပ်စု G ရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။ အဲဒါက ရော်နယ်ကိုးမန်းကို အဓိကကစားသမားတွေကို အနားပေးဖို့ အခွင့်အရေးပေးခဲ့ပြီး မက်ဆီနဲ့အတူ ဖရန်ကီဒီဂျောင်လည်း အနားပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ဆီမှာ အမျိုးမျိုးသောကစားသမားတွေ ဒဏ်ရာကြောင့် နားနေရပြီး ချန်ပီယံလိဂ်က ၉ မှတ်ရထားပြီးပြီဖြစ်တာကြောင့် ကျွန်တော်တို့အတွက် တော်တော်လေးသက်တောင့်သက်သာဖြစ်နေတဲ့အတွက် လီယိုနဲ့ ဖရန်ကီတို့ကို ခေါ်မသွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်”

“ဒီ ကစားသမား ၂ ဦးက အနားရဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ပွဲတွေအများကြီး ကစားခဲ့ရလို့ပါ။ အဲဒီတော့ ကျွန်တော်တို့က ဒီအချိန်ဟာ သူတို့ကို အနားပေးဖို့ ကောင်းမွန်တဲ့အခိုက်အတံ့လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။