ကွင်းဝင်ခွင့်ပြန်ရရင်တောင် ကျောက်ရုပ်လိုနေရဖွယ်ရှိတဲ့ ပရိသတ်များ

ဘောလုံးချစ်ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကွင်းအတွင်း ပြန်လည်ကြည့်ရှုခွင့်ရတဲ့အချိန်မှာ သီချင်းမသီဆိုဖို့၊ မအော်ဟစ်ဖို့ သို့မဟုတ် အယ်လ်ကိုဟောပါဝင်တဲ့ အရက်၊ ဘီယာတွေမသောက်သုံးဖို့ ညွှန်ကြားခြင်းခံရနိုင်တယ်လို့ သိရပါတယ်။

တကယ်လို့ ဒေသတွင်းကန့်သတ်ချက်အဆင့် ၁ အောက် ကျဆင်းခဲ့ရင် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကွင်းအတွင်း ပရိသတ်ဦးရေ ၄၀၀၀၊ ဒေသတွင်းကန့်သတ်ချက်အဆင့် ၂ အောက်ဆိုရင် ပရိသတ်ဦးရေ ၂၀၀၀ ဝင်ရောက်ကြည့်ရှုခွင့်ပေးသွားမယ်လို့ တနင်္လာနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Sportsmail ရဲ့သတင်းအရ ကိုဗစ်ဥပဒေသစ်ကြောင့် အလွန်ကွဲပြားခြားနားတဲ့ပွဲနေ့အတွေ့အကြုံဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ အသင်းတွေဆီ ပေးပို့ခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ “ယခုတားမြစ်ချက်မှာ သီချင်းသီဆိုခြင်း၊ အော်ဟစ်ခြင်းနဲ့ အယ်လ်ကိုဟောသောက်သုံးခြင်းတို့ ပါဝင်ကောင်း ပါဝင်နိုင်သည်”လို့ ဖော်ပြထားကြောင်း သိရပါတယ်။ ပရိသတ်တွေအားလုံးဟာ လက်မှတ်ဝယ်ယူတဲ့အချိန်မှာ ကိုယ်ရေးအချက်အလက်တွေကို မေးမြန်းခြင်းခံရမှာဖြစ်ပြီး ယင်းအချက်တွေကို လိုက်နာဖို့ ပျက်ခဲ့တဲ့လူအချို့အတွက် ပိတ်ဆို့မှုတွေပြုလုပ်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နှာခေါင်းစည်းကို တစ်ချိန်လုံး မဖြစ်မနေ တပ်ဆင်ထားရမှာဖြစ်ပြီး မတူညီတဲ့ ကွင်းဝင်ချိန်နဲ့အတူ လူစုလူဝေးဖြစ်ပေါ်မှုကို ထိန်းသိမ်းဖို့အတွက် ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က “နိုင်ငံတော်အဆင့်ကန့်သတ်မှုတွေဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်သွားလိမ့်မယ်ဆိုတာ ကျွန်တော် အတည်ပြုပေးနိုင်ပြီး အသစ်ပြန်လည် ထုတ်ပြန်မှုတွေ ရှိလာမှာမဟုတ်ပါဘူး။ စုပေါင်းအလုပ်ရုံ၊ လက်ထပ်ပွဲနဲ့အပြင်ဘက်မှာပြုလုပ်တဲ့ အားကစားပွဲတွေဟာ အရင်အတိုင်း ပြန်ကျင်းပနိုင်မှာဖြစ်ပြီး စျေးဆိုင်၊ အလှပြင်ဆိုင်နဲ့ အခြားကျယ်ပြန့်တဲ့စိတ်အပန်းဖြေကဏ္ဍတွေလည်း ပြန်လည်ဖွင့်လှစ်နိုင်မှာပါ”

“အဆင့် ၁ နဲ့ အဆင့် ၂မှာ အားကစားပွဲ ကြည့်ရှုသူတွေဟာ သတ်မှတ်ထားတဲ့ လူဦးရေ၊ အကွာအဝေးနဲ့အတူ ကွင်းတွင်း၊ ကွင်းပြင်မှာ လွတ်လပ်စွာ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ယခုအပတ်နှောင်းပိုင်းမှာ ဘယ်နေရာတွေက ဘယ်အဆင့်လဲဆိုတာကို ကျွန်တော်တို့ ကြေညာသွားမှာဖြစ်ပြီး ကြာသပတေးနေ့မှာ အသက်အရွယ်အုပ်စုအားလုံးမှာ ဖြစ်ပွားနေတဲ့ ပိုးတွေ့သူဦးရေနဲ့ နှုန်းက မြင့်လာလား သို့မဟုတ် နိမ့်လာလားဆိုတာ လေ့လာဆန်းစစ်သွားမယ်လို့ မျှော်လင့်မိပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။