အနိုင်ဂိုးသွင်းမှ ဂီရော့ဒ်ကို သူ ဘယ်လောက်အားကိုးလဲ ထပြောခဲ့တဲ့ လမ်းပတ်

၀ါရင့်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ယခုရာသီမှာ အချိန်ပြည့် မကစားခဲ့ရပေမယ့်လည်း နည်းပြလမ်းပတ်က ပြင်သစ်တိုက်စစ်မှူးဟာ ရှေ့လျှောက် အဓိကကစားသမားအဖြစ် ရှိလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ အိုလီဗီယာဂီရော့ဒ်က ရန်းနက်စ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ၎င်းရဲ့အစီအစဉ်မှာ အဓိကကျတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆီဟူးဂျီရာစီဟာ ၈၅ မိနစ်မှာ ပထမပိုင်းတုန်းက ဟတ်ဒ်ဆန်အိုဒွိုင်းရဲ့ အဖွင့်ဂိုးကို ချေပနိုင်ခဲ့ပြီးနောက် ရန်းနက်စ်အသင်းအတွက် သရေတစ်မှတ်ရယူနိုင်ခဲ့တဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တဲ့ ဂီရော့ဒ်က နာကျင်အချိန်ပိုမှာ ချယ်ဆီးအသင်း ၂-၁ နဲ့ အနိုင်ရရှိစေမယ့် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ ယခုရာသီ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ပွဲကစားချိန်မရှိခြင်းကြောင့် စိတ်ပျက်နေသူဖြစ်ပြီး ၁ ပွဲသာ ပွဲထွက်ပါဝင်ကစားခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း ၃၆ မိနစ်သာ ကစားရသေးသူဖြစ်ပါတယ်။

တီမိုဝါနာနဲ့ အေဘရာဟမ်တို့ ပါဝင်ကစားပေးနိုင်မှုက ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂီရော့ဒ်ကို အရန်ခုံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး လာမယ့် ယူရို ၂၀၂၀ မတိုင်မီ ပွဲကစားချိန်ပိုမိုရရှိဖို့အတွက် ဇန်နဝါရီလမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် ဂီရော့ဒ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က ခက်ခဲတဲ့ကာလအတွင်းမှာ ဂီရော့ဒ်ရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

“နောက်ကွယ်က အရာတွေ၊ ပြောရမယ်ဆိုရင် သူက ဘယ်လောက်အထိ အရမ်းကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်လဲဆိုတာ၊ သူက အသင်းဖော်တွေနဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ ဘယ်လောက်အထိ မြင့်မြင့်မားမားရှုမြင်ခံထားရလဲဆိုတာ အားလုံးက အပြင်ဘက်ကနေ ခံစားရတဲ့ကိစ္စမျိုးပါ”

“အဲဒီတော့ သူ့အတွက် ဂိုးရဖို့ပဲ။ ခင်ဗျား သူ့အသင်းဖော်တွေရဲ့ တုံ့ပြန်မှုကို မြင်ခဲ့မှာပါ။ သူ လေ့ကျင့်ပုံနဲ့ သူ့ကိုယ်သူ ဂရုစိုက်တဲ့ပုံက အသက်အရွယ်တောင် သူ့အတွက် အဓိကအကြောင်းအရာမဖြစ်နိုင်တော့အောင် အရမ်းပရော်ဖက်ရှင်နယ်ကျပါတယ်။ သူက ကျွန်တော်တို့အတွက် အများကြီး လုပ်ပေးနိုင်ပြီး အဲဒါကို ကျွန်တော် ဆက်ပြောနေမှာပါ။ ဒါပေမယ့် ကြီးမားတဲ့အချိန်ဇယားကြီးက လာဖို့ရှိနေပြီး ကျွန်တော်တို့ ကစားတဲ့ပုံစံက ကစားသမားတွေအပေါ်မှာ မှီခိုရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီတော့ သူက ပုံမှန်မကစားရဘူးဆိုရင်တောင် မှန်ကန်တဲ့စိတ်ထားမျိုး အမြဲတမ်းထားတဲ့ ကစားသမားဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် သူ့ကို ခေါ်လိုက်တဲ့အချိန်ကျရင် သူ ဝင်လာပြီး ဒီနေ့လို လုပ်ခဲ့မယ်ဆိုတာ ကျွန်တော် သိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။